
ရန်ကုန်မြို့မှာ ဧရာဝတီတိုင်းကနေ အလုပ်သွားလုပ်နေတဲ့ အရပ်သား လူငယ် ၃ ယောက် ပေါ်တာအဆွဲခံရပြီး စစ်ကောင်စီရဲ့ စစ်မှုထမ်း စုဆောင်းထားတဲ့နေရာကို ရောက်နေတယ်လို့ ဖြစ်စဉ်ကို သိရှိတဲ့သူတွေဆီက သိရပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ ယောက်ဟာ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်ကနေ ရန်ကုန်တိုင်းမှာ အလုပ်သွားလုပ်နေတဲ့ အရပ်သားတွေဖြစ်ပြီး ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုက အပြန် မတ် ၁ ရက်က အတင်းအဓမ္မ ပေါ်တာဆွဲ ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဖြစ်စဉ်ကို သိရှိသူတယောက်က “စစ်ဆေးဖို့ရှိတယ်ဆိုပြီး ခေါ်ခံရတာ။ တပ်နဲ့ ရဲတွေက ကားနဲ့ ဖမ်းခေါ်သွားတာ။ မတ် ၁ ရက်နေ့ ညနေ ၇ နာရီလောက် ဖမ်းခေါ်ခံရတာ။ စစ်သားစုဆောင်းထားတဲ့ နေရာကို ရောက်မှ ဖုန်းခိုးဆက်လို့ သိရတာ” လို့ ပြောပါတယ်။
အဓမ္မပေါ်တာဆွဲ ဖမ်းခေါ်ခံရတဲ့ လူငယ် ၃ ယောက်ဟာ ရန်ကုန်၊ လှိုင်သာယာမြို့နယ်မှာ အဆောင်ငှားနေထိုင်ကာ တညင်းကုန်းဘက်က ဆောက်လုပ်ရေးလုပ်ငန်းခွင်တခုမှာ လုပ်ကိုင်နေတဲ့သူတွေဖြစ်ပြီး အသက် ၂၀ ကျော်အရွယ်တွေ ဖြစ်တယ်လို့ သိရပါတယ်။
ပေါ်တာဆွဲခံရတဲ့သူနဲ့ မိသားစုတော်စပ်သူတယောက်က “အလုပ်ပြီးချိန် ပြန်မလာကတည်းက ထင်တော့ထင်တယ်။ ပေါ်တာဆွဲခံရတာကို ကောင်လေးတွေရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီကတဆင့် သိရတာ။ သူငယ်ချင်း ၃ ယောက်ပါ။ မှော်ဘီဘက်လို့ သိရတယ်။ ကလေးတွေနဲ့တော့ တိုက်ရိုက် အဆက်အသွယ် မရသေးဘူး” လို့ ပြောပါတယ်။
ပေါ်တာဆွဲခံရတဲ့ လူငယ် ၃ ယောက်ကို စစ်ကောင်စီတပ်က စစ်မှုထမ်းတပ်သားတွေ စုဆောင်းထားတဲ့နေရာမှာ တခြား စစ်မှုထမ်းစုဆောင်းခံထားရတဲ့သူတွေနဲ့ အတူထားရှိပြီး စစ်သင်တန်းကျောင်းတခုကို ဆက်လက်ပို့ဆောင်ဖို့ စီစဉ်နေတယ်လို့ ဖြစ်စဉ်ကို တွေ့ရှိသူတွေဆီက သိရပါတယ်။
အဲဒီလို အတင်းအဓမ္မ ပေါ်တာအဆွဲခံရတဲ့ ဧရာဝတီတိုင်းက လူငယ် ၃ ယောက်ဟာ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ကို ပြောင်းရွှေ့အလုပ်လုပ်နေတာ အချိန် ၂ နှစ်ခွဲလောက် ရှိနေပြီလို့ မိသားစုတွေဆီက သိရပါတယ်။


