
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က မတ် ၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့တာကြောင့် ကိုယ်ဝန်သည်တယောက် အပါအဝင် အမျိုးသမီး ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိသလို ဘုန်းကြီးကျောင်းဆောင်တွေနဲ့ လူနေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
Kawlin Info အဖွဲ့ရဲ့ ပြန်ကြားရေးတာဝန်ခံက “ကောလင်းအရှေ့ခြမ်း ရွှေဘို-မြစ်ကြီးနား ကားလမ်းပေါ်က ကချင်ကုန်းနဲ့ ရှောက်ပင်ကုန်းရွာတွေကို ရှေ့ဆင့်နောက်ဆင့် စစ်တပ်ရဲ့ ဂျက်ဖိုက်တာက ဗုံးတွေကြဲသွားတာပါ။ အမျိုးသမီး ၂ ယောက် သေဆုံးပြီးတော့ အမျိုးသား ၂ ယောက် ဒဏ်ရာရတယ်လို့ ကနဦးသတင်းတွေအရ သိထားရပါတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်ခံရတာကြောင့် ကချင်ကုန်းကျေးရွာက စျေးသည်ဖြစ်သူ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံကိုပို့ဆောင်ချိန် လမ်းမှာ သေဆုံးသွားခဲ့တာဖြစ်သလို ရှောက်ပင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်တဲ့ အမျိုးသမီးတယောက်လည်း နေရာမှာတင် သေဆုံးခဲ့တာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ရှောက်ပင်ကုန်းကျေးရွာ ဘုန်းကြီးကျောင်းဆောင်တွေအပြင် လူနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ကောလင်းခရိုင် ပကဖ တာဝန်ရှိသူတယောက်က “အဲဒီဘက်မှာတော့ တချို့နေရာတွေမှာ စစ်ရေးလှုပ်ရှားနေတာတွေ ရှိတယ်။ ဒါပေမဲ့ အခုဗုံးကြဲခံရတဲ့ ကချင်ကုန်းနဲ့ ရှောက်ပင်ကုန်းရွာတွေမှာတော့ စစ်ရေးလှုပ်ရှားတာတွေမရှိဘဲ ကချင်ကုန်းရွာကို ဗုံးတလုံးနဲ့ ရှောက်ပင်ကုန်းရွာ ဘုန်းကြီးကျောင်းကို ဗုံး ၃ လုံး အကြဲခံလိုက်ရတာဖြစ်ပါတယ်” လို့ DVB ကို ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်တွင်းစစ်အတွင်း စစ်ပွဲနဲ့မသက်ဆိုင်တဲ့ ပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေနဲ့ ပြည်သူပိုင်ပစ္စည်းတွေအပြင် ဘာသာရေးအဆောက်အအုံတွေကို အကာအကွယ်ပေးတာ မရှိတဲ့အပြင် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေတာဟာ စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်းတင်းတင်း ချိုးဖောက်နေတဲ့လုပ်ရပ် ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလဆန်းပိုင်းကစလို့ ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်တာတွေကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လည်း ကောလင်းမြို့နယ်ထဲက ကျေးရွာ ၁၄ ရွာထက်မနည်းက ဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာနေရာတွေမှာ တိမ်းရှောင် ထွက်ပြေးနေကြရတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရပါတယ်။


