
ကရင်နီပြည်နယ်ထဲကို စစ်ကောင်စီတပ်ရဲ့ နည်းလမ်းမျိုးစုံနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် ဖေဖော်ဝါရီလအတွင်း ပြည်သူ ၇ ယောက် သေဆုံးပြီး ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) က မတ် ၄ ရက်က ထုတ်ပြန်ပါတယ်။
လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် တယောက်သေဆုံးပြီး လက်နက်ကြီးကြောင့် ကလေးအပါအဝင် ၃ ယောက်၊ မိုင်းနင်းမိလို့ တယောက်၊ ဒရုန်းနဲ့ ဗုံးကြဲလို့ တယောက်၊ ဖမ်းဆီးသတ်ဖြတ်ခံရလို့ တယောက် စုစုပေါင်း ၇ ယောက် သေဆုံးကာ ၁၇ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။
မြေပြင်ရဲဘော်တယောက်က “ပြည်သူတွေ အေးဆေး လုပ်ကိုင်စားသောက်နေသူတွေလေ၊ ပြည်သူမှာဆို ဘာလက်နက်မှမရှိဘူး၊ ပေါက်ပြားတို့ ဓားတို့ပဲ ရှိတာပေါ့။ စစ်ကောင်စီက သူတို့ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်သွားတယ်လို့ ကျနော်တော့မြင်ပါတယ်” လို့ ပြောပါတယ်။
စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ၅ ကြိမ်၊ လက်နက်ကြီး ၁၀ ကြိမ်၊ မိုင်းနင်းမိတာ ၃ ကြိမ်၊ ဒရုန်းနဲ့ ဗုံးကြဲတာ ၄ ကြိမ်၊ ဖမ်းဆီးတာ တကြိမ်၊ မိုင်းဖောက်ခွဲတာ တကြိမ် စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ၂၄ ကြိမ် ကျူးလွန်ခဲ့တယ်လို့ သိရပါတယ်။
စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် နေအိမ် ၁၉ လုံး၊ စိုက်ခင်း ၉ ခင်း၊ လမ်းတံတား ၃ ခု၊ ပြည်သူပိုင်အဆောက်အအုံ တခုတို့ ထိခိုက်ပျက်စီးခဲ့ပြီး တိရစ္ဆာန် ၆ ကောင် သေခဲ့တယ်လို့ သိရပါတယ်။
မတ် ၅ ရက်ကလည်း မယ်စဲ့မြို့နယ်ထဲက ထိန်းသိမ်းရေးစင်တာအနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အမျိုးသမီး ၄ ယောက်နဲ့ အမျိုးသားတယောက် သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း များတယ်လို့ သိရပါတယ်။


