
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်နဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ရိုးတောင်ကျော်လမ်းရှိ နတ်ရေကန်တောင်မှာ တည်ရှိတဲ့ စစ်ကောင်စီ လေကြောင်းရန်ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေပြီး တိုက်ပွဲ ဆက်လက်ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးနီးစပ်သူတွေထံက သိရပါတယ်။
နေ့ရောညပါ နတ်ရေကန်တောင်ကြောမှာ စစ်ကောင်စီတပ်နဲ့ AA တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာ၊ Y12 တို့နဲ့ ခုခံကာကွယ်နေရတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
“အခုက နေ့ရောညပါ တိုက်ပွဲဖြစ်နေတယ်။ စကစဘက်ကလည်း ဂျက်ဖိုက်တာ၊ Y12၊ ဒရုန်းတို့နဲ့ ခုခံကာကွယ်နေတယ်။”
စစ်ကောင်စီက ကပစ ၁၄၊ ဆုန်ကုန်းအမြောက်တပ်၊ ဇင်ပြွန်းတို့ကနေ ဒရုန်း၊ လက်နက်ကြီးတို့နဲ့ ပစ်ကူပေးနေရပြီး လေကြောင်းကလည်း ဂျက်၊ Y12 တို့ကိုပါ နေ့ရောညပါ အသုံးပြု ပစ်ကူပေးနေရတယ်လို့ သူက ဆိုပါတယ်။
နောက်ထပ် စစ်ရေးသတင်းရင်းမြစ်တယောက်က “ပဇီနဲ့ ဂုတ်ကြီးဘက်ကို အင်အားဖြည့် စစ်ကြောင်းတက်တယ်။ အဲဒီစစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်နေကြတယ်”လို့ ပြောပါတယ်။
ပဇီ(လမ်းဟောင်း)၊ ဂုတ်ကြီးကျေးရွာ(လမ်းသစ်) နှစ်ရွာရှိတဲ့ လမ်းသစ်နဲ့ လမ်းဟောင်းဘက်က ကပစ ၁၄၊ ဆုန်ကုန်းအမြောက်တပ်တို့က စစ်ကြောင်းတကြောင်းကို အင်အား ၁၀၀ ကျော်နဲ့ အင်အားဖြည့် စစ်ကြောင်း ၂ ကြောင်း ထိုးတက်လာတယ်လို့ သူက ဆက်ပြောပါတယ်။
အဆိုပါ တိုက်ပွဲပြင်းထန်နေတဲ့ နတ်ရေကန်တောင်ကို တက်လာတဲ့ စစ်ကူစစ်ကြောင်း နှစ်ကြောင်းကိုလည်း AA ပူးပေါင်း တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်နေပြီး လမ်းမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ သိရပါတယ်။
ရိုးတောင်ပေါ်မှာ စစ်ကောင်စီရဲ့ မကွေးတိုင်း၊ ငဖဲမြို့နယ် ကပစ ၁၄ ရဲ့ အဓိက ဗျူဟာကုန်းတခုဖြစ်တဲ့ လေကြောင်းရန်ကာကွယ်ရေး စခန်းကုန်း ပတ်လည်ရှိ ကာကင်းတချို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ထားပြီး ပင်မကုန်းကြီးရဲ့ အဓိက ကာကင်းတွေကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။


