Home
မြန်မာသတင်း
ချင်းနှင့် စစ်ကိုင်းတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် တလအတွင်း ပြည်သူ ၂၄ ဦးသေဆုံး
DVB
·
March 7, 2026

၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလအတွင်း ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းမှာ စစ်အုပ်စုရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၄၈ ယောက် ထိခိုက်ဒဏ်ရာ ရခဲ့ပြီး ၂၄ ယောက် သေဆုံးခဲ့ တယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) က ထုတ်ပြန်ထားပါတယ်။

နောက်ပြီး မြေမြှုပ်မိုင်းကြောင့်လည်း အမျိုးသားတယောက် သေဆုံးခဲ့ရပြီး လက်နက်ကြီးကြောင့် ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၆ ယောက်ရှိပြီး အဲဒီအထဲက ၄ ယောက်က သေဆုံးခဲ့တယ်လို့လည်း သိရပါတယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေဟာ နည်းမျိုးစုံနဲ့ အကြမ်းဖက်မှုတွေခံရပါက တရားရုံးကို သွားရောက်ရင်ဆိုင်ဖြေရှင်းဖို့ အသွားအလာလုံခြုံရေးကို စိုးရိမ်ရတာ၊ ဥပဒေစိုးမိုးမှု အားနည်းနေတဲ့အတွက် တရားမျှတမှု မရရှိတာ၊ စစ်အုပ်စု ကျူးလွန်တဲ့အမှုတွေကို တရားစွဲဆိုဖို့ ခက်ခဲတာနဲ့ စစ်အုပ်စုရဲ့ ခြိမ်းခြောက်ခံရတာတွေကြောင့် ထုတ်ဖော်ပြောဆိုဖို့ ကြောက်ရွံ့တာ စတဲ့ အခက်အခဲတွေ ရှိနေပြီး အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှုကင်းမဲ့မှုနှုန်း ပိုပြီး မြင့်တက်လာတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) က ဆိုပါတယ်။

နောက်ပြီး စစ်ဘေးရှောင်စခန်းတွေမှာ ကျား၊ မ မခွဲခြားဘဲ စုပေါင်းနေထိုင်နေကြရပြီး အိပ်ရာ၊ အိမ်သာ၊ ရေချိုးခန်းတွေ လုံလောက်စွာ မရှိတာကြောင့်လည်း အမျိုးသမီးတွေဟာ မလုံခြုံမှုတွေကို ခံစားနေကြရသလို အမျိုးသားတချို့ရဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ ညစ်ညမ်းပြောဆို ခံရတာတွေ၊ စစ်ရှောင်စခန်းမှာ နေ့စဉ်နဲ့အမျှ ဖြစ်ပျက်နေတဲ့ အိမ်တွင်းအကြမ်းဖက်မှုတွေ မိသားစု ပြဿနာတွေလည်း မကြာခဏ ဖြစ်ပေါ်နေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ရင်ဆိုင် နေကြရတယ်လို့လည်း ဆိုပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်စခန်းတွေမှာ ဆေးဝါးလုံလောက်မှု မရှိတာကြောင့် အမျိုးသမီးတွေအတွက် ကိုယ်ဝန်ဆောင်အားဆေး၊ ကိုယ်ဝန်တားဆေး၊ မီးယပ်သွေးဆေးနဲ့ အကိုက်အခဲ ပျောက်ဆေးတွေ အပြင် အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ လိုအပ်နေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဖေဖော်ဝါရီလအတွင်း တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့အစည်း (WJ) ဟာ စစ်ကိုင်းတိုင်းနဲ့ ချင်းပြည်နယ်က နည်းမျိုးစုံနဲ့ အကြမ်းဖက်ခံရမှု ၇ မှုကို အချက်အလက်ကောက်ယူတာနဲ့ မှတ်တမ်း တင်တာတွေ လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။

အဲဒီအမှုတွေကတော့ အိမ်တွင်းအကြမ်းဖက်မှု ၃ ခု၊ ကာမ လိမ်လည်မှု ၁ခု၊ တလင်တမယားအမှု  ၂ခု၊ မုဒိမ်းမှု ၁ ခုဖြစ်ပြီး အမှုသည်တွေရဲ့ လိုအပ်ချက်ပေါ်မူတည်ပြီး စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့် ဆွေးနွေး မှုတွေနဲ့ ထောက်ပံ့ကူညီမှုတွေကို လုပ်ဆောင်ပေးခဲ့ပါတယ်လို့ တရားမျှတမှုအတွက် အမျိုးသမီးများ အဖွဲ့အစည်း (WJ) က ထုတ်ပြန်ထားပါတယ်။

မတ် ၆ ရက်မနက်ကလည်း စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲကို စစ်ကောင်စီတပ်က ဗုံးကြဲ တိုက်ခိုက် နေတယ်လို့ တော်လှန်ရေးတပ်တွေဆီက သိရပါတယ်။

စစ်ကောင်စီနဲ့ ပူးပေါင်းသွားတဲ့ ဗိုလ်နဂါး ကြီးစိုးရာ ပုလဲမြို့နယ်ကို စစ်ကောင်စီတပ်က စစ်ကြောင်း ထိုးနေချိန် လေကြောင်းကနေ အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်နေတာဖြစ်ပြီး  ၁၀ ကြိမ်ထက်မနည်း ဗုံးကြဲခဲ့သလို မနေ့ကလည်း ၄ ကြိမ်ထက်မနည်း ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ ဆိုပါတယ်။

တော်လှန်ရေးရဲဘော်တယောက်က “မနက် ၁၁ နာရီအချိန်မှာ ပုလဲမြို့နယ် မြောက်ခြမ်း တနေရာကို နမခကနေ တက်လာတဲ့ ဂျိုင်ရို ၃ စီးနဲ့ လေကြောင်းတိုက်ခိုက်သွားတယ်။ နေ့လယ် ၁ နာရီ ကစပြီးလည်း နမခကနေ တက်လာတဲ့ ဂျိုင်ရို ၃ စီးနဲ့ လေကြောင်းကနေ ထပ်မံဗုံးကြဲ တိုက်ခိုက် နေတယ်။ ဘယ်ရွာတွေ ထိခိုက်ပျက်စီးတယ်ဆိုတဲ့ အခြေအနေကို မသိရသေးဘူး” လို့ ပြောပါတယ်။

မတ် ၄ ရက်နဲ့ ၅ ရက်ကလည်း ပုလဲမြို့နယ် မရိုးတုံးရွာကို စစ်ကောင်စီတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့သလို ၇ ယောက်ထက်မနည်း ဒဏ်ရာ ရခဲ့ပြီး ပိတောက်ကုန်းရွာကို ဗုံးကြဲတာမှာလည်း အရပ်သား ၂ ယောက်၊ ချင်ပြစ်ရွာကို ဗုံးကြဲတာ ကြောင့်လည်း အမျိုးသားတယောက်နဲ့ အမျိုးသမီး ၃ ယောက်တို့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဟာ ဖေဖော်ဝါရီ ၂၈ ရက်က စပြီး မတ် ၅ ရက်အထိ လေကြောင်းတိုက်ခိုက်နေပြီး ချင်ပြစ်ရွာမှာ တပ်စွဲထားလို့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တာရှိသလို ပတ်လည်မှာလည်း ဝိုင်းထားတဲ့ အခြေအနေ ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013