
ရန်ကုန်နဲ့ ဧရာဝတီတိုင်း ပြေးဆွဲနေတဲ့ ခရီးသည်တင်ကားပေါ်ကနေ အရပ်သား ၂ ယောက်ကို စစ်ကောင်စီ ပြည်သူ့စစ်နဲ့ အုပ်ချုပ်ရေးအဖွဲ့က အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရန်ကုန်နဲ့ ဧရာဝတီတိုင်းကို ပြေးဆွဲနေတဲ့ စိန်နိုင်ကျော် ခရီးသည်တင်ကားပေါ် လိုက်ပါလာတဲ့ ခရီးသွား အမျိုးသား ၂ ယောက်ကို မတ် ၇ ရက်မှာ စစ်ကောင်စီ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က ဟင်္သာတမြို့နယ်၊ အထောင်မြို့ အဝင်မှာရှိတဲ့ လယ်တော စစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးသွားတာလို့ သိရပါတယ်။
ဒေသခံတယောက်က “ကားပေါ်ကနေ တက်ဆွဲချပြီး ဖမ်းခေါ်သွားတာ။ အဖမ်းခံရတဲ့သူတွေက ရန်ကုန်မှာ အလုပ်လုပ်နေတဲ့သူတွေလို့ သိရတယ်။ ခေတ္တပြန်လာပြီး ပြန်တဲ့အချိန် အဖမ်းခံရတာ” လို့ ပြောပါတယ်။
ခရီးသည်တင်ကားပေါ်ကနေ စစ်ကောင်စီ ပြည်သူ့စစ်တပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့က အဓမ္မ ဖမ်းခေါ်ခံရတဲ့ အရပ်သား ၂ ယောက်ဟာ အသက် ၂၅ နှစ်အရွယ် ကိုသူရိန်စိုးနဲ့ အသက် ၂၆ နှစ်အရွယ် ကိုထက်ဝေယံ တို့ဖြစ်ပါတယ်။
စစ်ကောင်စီ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က “လူငယ် ၂ ယောက်ကို ဖမ်းခေါ်တာ ဟုတ်တယ်။ စစ်မှုထမ်းဖို့ ခေါ်တာလို့ သိရတယ်။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့က ဖမ်းခေါ်တာ။ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တဆင့် ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဆီ လွှဲပို့ခဲ့တာ” လို့ ပြောပါတယ်။
အဓမ္မ ဖမ်းဆီးခေါ်ခံရတဲ့ အရပ်သားလူငယ် ၂ ယောက်ကို လက်ရှိ ဟင်္သာတမြို့နယ် အုပ်ချုပ်ရေးမှူးရုံးကတဆင့် အမှတ် ၆၆ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ ဓနုဖြူမြို့နယ် အခြေစိုက် ခလရ ၁၀၈ တပ်ရင်းကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ရန်ကုန်နဲ့ ဧရာဝတီတိုင်း ပြေးဆွဲနေတဲ့ ကုန်တင်ကားတွေ၊ ခရီးသည်တင်ကားတွေကို အခု မတ် ၁ ရက်က စတင်ပြီး အရင်ကထက် တင်းတင်းကျပ်ကျပ် စစ်ဆေးနေတာ တွေ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


