Home
မြန်မာသတင်း
မုံရွာတွင် စစ်တပ်က အရပ်သား ၂ ဦးကို သတ်ဖြတ်ပြီး လူနေအိမ်မီးရှို့
DVB
·
March 10, 2026
Photo: DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ထနောင်းတောမြောက်ရွာကို စစ်ကောင်စီတပ်က မတ် ၉ ရက်‌ ည‌‌ ၈ နာရီကျော်က စစ်ကြောင်းထိုးဝင်ရောက်လာပြီး အရပ်သား ၂ ယောက်ကို သတ်ဖြတ်ကာ လူနေအိမ်တလုံးကို မီးရှို့သွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ထနောင်းတောရွာသားတယောက်က “ကျနော်တို့ရွာဘက်ကို စစ်ကြောင်းထိုး လက်နက်ငယ်တွေနဲ့ ရမ်းပစ်ခတ်လို့ မောင်ရန်မျိုးထွန်းနဲ့ မနီလာမိုးတို့ ကျည်ထိမှန် သေဆုံးတာတွေ ရှိတယ်ဗျ။ နောက်ပြီး လူနေအိမ်တလုံးကိုလည်း မီးရှို့ခဲ့တယ်ဗျ။ စစ်ကြောင်းက ညကတည်းက ပြန်ထွက်သွားတယ်” လို့ ပြောပါတယ်။

ထနောင်းတောရွာကို ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ချောင်းဦးမြို့နယ် စွမ်းရည်ထက် စက်သုံးဆီဆိုင်မှာ စခန်းချတပ်ဆွဲနေကြတဲ့ စစ်သားတွေနဲ့ မုံရွာတောင်အထွက် မအူဂိတ်မှာရှိတဲ့ စစ်သားတွေ ပူးပေါင်းပြီး စစ်ကြောင်းထိုးလာတာလို့လည်း သိရပါတယ်။

ဒေသခံ ကာကွယ်ရေးခေါင်းဆောင်တယောက်က “စစ်ကြောင်းလာကတည်းက ရွာထဲကနေ ရှောင်တိမ်းကြဖို့ သတိပေးပါတယ်။ အခု‌ဟာက စစ်တပ်စစ်ကြောင်း ရွာအနီးရောက်မှ ထွက်ပြေးကြတာဆိုတော့ ကျည်ထိမှန် သေဆုံးရတာဗျ။ အသတ်ခံရတဲ့သူ‌တွေက သာမန်အရပ်သားတွေပါ” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က မုံရွာမြို့နယ် တောင်ခြမ်းနဲ့ ချောင်းဦးမြို့နယ် မြောက်ခြမ်း အနောက်မြောက်ကို စစ်ရေးအရ စောင့်ကြည့်နေပြီး မြေပြင်စစ်ကြောင်းထိုးသလို လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ကာ လေယာဉ်နဲ့ပါ ဗုံးသီးကြဲချ‌‌တာတွေ မကြာခဏဆိုသလို ပြုလုပ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013