Home
မြန်မာသတင်း
စစ်ကောင်စီ စစ်ကြောင်းဝင်လာသဖြင့် မိုးဗြဲအနောက်ခြမ်း ၇ ရွာက ဒေသခံထောင်ချီ တိမ်းရှောင်
DVB
·
March 11, 2026
မိုးဗြဲ စစ်ရှောင်ပြည်သူအချို့ (ပုံဟောင်း)။ (Photo: DVB)

ကရင်နီပြည်နယ်၊ မိုးဗြဲမြို့ အနောက်ခြမ်းကို စစ်တပ်နဲ့ PNO ပူးပေါင်းတပ်တွေ စစ်ကြောင်းထိုးလာလို့ ရွာ ၇ ရွာထက်မနည်း ထပ်မံပြောင်းရွှေ့နေရပြီး ဒေသခံထောင်နဲ့ချီ အကူအညီတွေ လိုအပ်နေပါတယ်။

ရှမ်းတောင်ပိုင်းနဲ့ ကရင်နီဒေသကို ချိတ်ဆက်ထားတဲ့ အဓိကလမ်းပိုင်းမှာရှိနေတဲ့ မိုးဗြဲမြို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက စစ်တပ်နဲ့ ပအိုးဝ်ပြည်သူ့စစ် PNO ပူးပေါင်းတပ်တွေက စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဖေဖော်ဝါရီလ နောက်ဆုံးအပတ်မှာ မိုးဗြဲမြို့ရဲ့ ခလရ ၄၂၂ တပ်ထဲမှာ အထိုင်ချပြီးတော့ မြို့ကို စစ်တပ်က ပြန်ထိန်းချုပ်နိုင်ခဲ့ပါတယ်။

အဲဒီနောက် မိုးဗြဲမြို့ရဲ့ အနောက်ဘက်ခြမ်းကို မြေပြင်စစ်ကြောင်းအပြင် ဒရုန်းတွေပါသုံးပြီး စစ်ကြောင်းထိုးလာတဲ့အတွက် ရွာ ၇ ရွာလောက်ကို အရေးပေါ် ပြောင်းရွှေ့ပေးခဲ့ရတယ်လို့ မိုးဗြဲ PDF ၁၀၀၁ တပ်ရင်းက DVB ကို အတည်ပြုပါတယ်။

မိုးဗြဲ PDF တာဝန်ရှိသူတယောက်က “ရွှေ့ပေးလိုက်ရတဲ့ရွာတွေက လွယ်ဝိုင်း၊ လွယ်ယင်းတောင်ခြေ၊ လွယ်ယင်းမင်္ဂလာ၊ ဆောင်ပလန်၊ ခေါင်းစံ၊ လီဝိုးနဲ့ လွယ်စတုံးရွာတွေပါ။ လက်နက်ကြီး၊ ဒရုန်းတွေနဲ့ တောက်လျှောက်ပစ်နေတဲ့အပြင် မြေပြင်စစ်ကြောင်း လှုပ်ရှားတာတွေ များလာလို့ ရွှေ့လိုက်ရတာ” လို့ ပြောပါတယ်။

လက်ရှိ ကရင်နီတော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်တပ်စစ်ကြောင်းကြား အချိန်မရွေး တိုက်ပွဲတွေ ဖြစ်လာနိုင်တဲ့ အနေအထားမှာ ရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ ကန့်သတ်ထားတဲ့ နယ်မြေတွေကို ဖြတ်သန်းသွားလာတာတွေ မလုပ်ဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေး ကြေညာထားပါတယ်။

အရေးပေါ်ရွှေ့နေရတဲ့ ရွာတွေက ဒေသခံ ထောင်နဲ့ချီဟာလည်း လက်နက်ကြီးနဲ့ ဒရုန်းဘေးကြားကပဲ ဘေးကင်းရာကို ကိုယ်ထူကိုယ်ထ ရွှေ့နေကြရတဲ့အတွက် အကူအညီတွေ လိုအပ်နေတာ ဖြစ်တဲ့အကြောင်း မြေပြင်မှာရှိနေတဲ့ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။

“လောလောဆယ် တိုက်ပွဲကတော့ ငြိမ်နေတယ်။ လက်နက်ကြီးလောက်ပဲ ညနေ ၁၀၊ ၁၁ လောက်ဆို သုံးလေးလုံး သုံးလေးလုံး အဲလို ပုံမှန်ပဲထုလာတယ်။ လက်နက်ကြီးလား ဒရုန်းလားတော့ မသိပါဘူး။ လောလောဆယ် ရွှေ့နေကြတုန်းပဲ လူတွေက။ လာကယ်ထုတ်တဲ့သူ မရှိပါဘူး။ ကိုယ်ထူကိုယ်ထနဲ့ တောက်လျှောက် ပြေးနေရတာလေ။ လူဦးရေက ထောင်ကျော်တယ်၊ ၂,၀၀၀ ကျော်ကျော်လောက်ရှိတယ်၊ အားလုံးစုစုပေါင်း။ ရဲဘော်တွေက ရှေ့ကင်းမှာပေါ့၊ အနောက်ကနေ ဒီ လက်နက်ကြီး အန္တရာယ်လည်း ရှိတယ်၊ စစ်ကြောင်းလည်း ထိုးလာနိုင်ခြေ ရှိတဲ့အတွက်ကြောင့်မို့လို့ တောက်လျှောက် ပြေးနေရတယ်။ အခုက ကျနော့်မိသားစု အပါအဝင်ပေါ့၊ အကုန်လုံးပဲ အခုတော့ အကုန်ပြေးရပြီ။”

မိုးဗြဲမြို့ဟာ ပင်လောင်း၊ ဖယ်ခုံ၊ မိုးဗြဲ၊ လွိုင်ကော် လမ်းကြောင်းပေါ်မှာ ရှိနေတဲ့အတွက် နှစ်ဖက်လုံးအတွက် ဗျူဟာအရ အရေးပါတဲ့မြို့တမြို့ပါ။

လူဦးရေ ၂၀,၀၀၀ ကျော်နီးပါး နေခဲ့ပြီးတော့ တိုက်ပွဲတွေကြောင့် မြို့ခံတွေ အများစုကတော့ နေရပ်စွန့်ခွာသွားခဲ့တာ ကြာပါပြီ။

လက်ရှိ မိုးဗြဲကို ပြန်ထိန်းချုပ်ထားတဲ့ စစ်တပ်က မြို့ပတ်လည်ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး ဝင်နေတာ ဖြစ်ပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013