Home
မြန်မာသတင်း
စစ်တပ်ထောက်ခံသူ သရုပ်ဆောင် မင်းအုပ်စိုးကို ပစ္စတိုသေနတ်နှင့်အတူ ဖမ်းမိ
DVB
·
March 11, 2026
Photo: Min Oak Soe Tiktok account

စစ်တပ်ထောက်ခံသူ သရုပ်ဆောင်မင်းအုပ်စိုးကို မတ် ၉ ရက် မနက် ၁၀ နာရီက ရန်ကုန်တိုင်း၊ တွံတေးမြို့နယ်၊ ဘုရားငုတ်တို X-Ray ပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ပစ္စတိုသေနတ်တလက်နဲ့အတူ ဖမ်းမိခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

မတ် ၉ ရက် မနက် ၁၀ နာရီက ဒလမြို့နယ်ဘက်ကနေ တွံတေးမြို့နယ်ဘက်သို့ ဒလ-တွံတေးကားလမ်းအတိုင်း မောင်းနှင်လာတဲ့ သရုပ်ဆောင်မင်းအုပ်စိုးရဲ့ ကားကို ဘုရားငုတ်တို X-ray ဂိတ်မှာ စစ်ဆေးရေးအဖွဲ့က ရှာဖွေစစ်ဆေးရာ ပစ္စတိုသေနတ်တလက်နဲ့ ကျည်ဆန်တွေကို တွေ့ရှိပြီး ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်တဲ့သတင်းအရင်းအမြစ်က ပြောပါတယ်။

“သတင်းရလို့ ဖမ်းတာမဟုတ်ဘူး။ ဒလကနေ တွံတေးကို လာတဲ့အချိန် ထုံးစံအတိုင်း ကားတွေကို စစ်ရင်း မင်းအုပ်စိုးကားကို စစ်တော့ ပစ္စတိုတလက်ရယ် ကျည် ၇ တောင့်ရယ်၊ ကျည်အိမ်တခုရယ် တွေ့တယ်။ သေနတ်အမျိုးအစားက Made In CZECH REPUBLIC အမျိုးအစားပါ။ ဘယ်သူက ထုတ်ပေးထားလဲဆိုတာ ရဲစခန်းက စစ်နေတယ်။”

သရုပ်ဆောင်မင်အုပ်စိုးက ပစ္စတိုသေနတ်ကို မိမိလုံခြုံရေးအရ ကိုင်ဆောင်ထားတယ်လို့ ထွက်ဆိုပေမဲ့ ဘယ်သူက ခွင့်ပြုပြီး ထုတ်ပေးထားတယ်ဆိုတာကို အထောက်အထား မပြနိုင်တာကြောင့် လက်နက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်လို့ တွံတေးမြို့မရဲစခန်းနဲ့ နီးစပ်သူတယောက်က DVB ကို အတည်ပြုပြောပါတယ်။

“သေနတ်တလက်၊ ကျည်အိမ်တခု၊ ကျည် ၇ တောင့်နဲ့ မိတဲ့အချိန် သူက သူ့ရဲ့လုံခြုံရေးအရ ကိုင်တယ်လို့ ပြောတယ်။ ခွင့်ပြုချက်လိုင်စင်ရှိလား ဆိုတော့ မရှိဘူးလို့ ဖြေတယ်။ လက်ရှိ လက်နက်အမှုနဲ့ အမှုဖွင့်ထားတယ်။” 

လတ်တလောမှာ သရုပ်ဆောင်မင်းအုပ်စိုး(ခ)အောင်နိုင်ထွန်းကို တွံတေးမြို့မရဲစခန်းက (ပ) ၆၅/၂၀၂၆၊ ၂၀၂၃ ခုနှစ် လက်နက်ဥပဒေပုဒ်မ ၂၄ နဲ့  အမှုဖွင့်အရေးယူထားပါတယ်။

သရုပ်ဆောင်၊ ဒါရိုက်တာမင်းအုပ်စိုးဟာ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၂၅ ရက်ကလည်း သူ ထုတ်ဝေတဲ့ သရပါမဂ္ဂဇင်းမှ အယ်ဒီတာ မတေးနုယဥ်ကို သတ်ဖြတ်ခဲ့တာကြောင့် လူသတ်မှုနဲ့ ထောင်ဒဏ် တသက်တကျွန်းကျခဲ့ပြီး ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။

ထောင်က ပြန်လွတ်လာပြီးနောက် သရုပ်ဆောင် မင်းအုပ်စိုးမှာ Min Oak Soe Tiktok Account ကို ဖွင့်ကာ NLD အစိုးရနဲ့ တော်လှန်ရေးအဖွဲ့တွေကို ဆဲဆို Live လွှင့်ပြောဆိုတာအပြင် စစ်တပ် ထောက်ခံပွဲတွေကို ငွေအား၊ လူအားနဲ့ ပါဝင်နေတာ ဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013