Home
မြန်မာသတင်း
တကောင်းမြို့မှ တော်လှန်ရေးတပ်များ ဆုတ်ပေးရနိုင်
DVB
·
March 11, 2026
၂၀၂၄ ဩဂုတ် ၁၂ ရက်က တကောင်းမြို့ကို သိမ်းပိုက်ဝင်ရောက်လာသည့် တော်လှန်ရေးတပ်ဖွဲ့များကို တွေ့ရစဉ်။ (Photo: MOD)
SinNyatGone

မန္တလေးတိုင်းထဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ တပ်တွေထိန်းချုပ်ထားတဲ့ နောက်ဆုံးလက်ကျန် တကောင်းမြို့ကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်နေပြီး နောက်ဆုံး သတင်းတွေအရ တော်လှန်ရေးတပ်တွေဘက်က ဆုတ်ခွာပေးရမဲ့ အခြေအနေရှိနေတယ်လို့ စစ်ရေး လေ့လာသူတွေနဲ့ စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

ဧရာဝတီမြစ်ကမ်းနဘေး ရေကြောင်းဆက်သွယ်ရေးနဲ့ စစ်ရေးအရ အရေးပါပြီး NUG တပ်တွေ ထိန်းချုပ်ထားတဲ့ မန္တလေးတိုင်းထဲက နောက်ဆုံးလက်ကျန် တကောင်းမြို့ကို စစ်တပ်က ဖေဖော်ဝါရီ ပထမအပတ်ကစလို့ ထိုးစစ်ဆင်နေတာပါ။

တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်း (တတက ၁၃) ကနေထွက်လာတဲ့ အဲဒီ စစ်ကြောင်းဟာ မတ် ၉ ရက်မှာ မြို့နဲ့ ၄ မိုင်ဝန်းကျင်အကွာက ဆင်ညှပ်ကုန်းကျေးရွာကို ရောက်ရှိခဲ့ပြီး မြို့နဲ့ပိုမိုနီးကပ်လာနေတယ်လို့ စစ်ရေးရင်းမြစ်က ပြောတယ်။ 

မတ် ၁၀ ရက်မနက်ပိုင်း ခြေအနေကို တော်လှန်ရေးရဲဘော်တယောက်က “တကောင်းက ဆုတ်ပေးရဖို့ များတယ်ဗျ၊ တရက် ၂ ရက်နေရင် ပြန်ပါနိုင်တယ်လို့ မြေပြင်က ပြောတယ်။ တကောင်းနားကို တော်တော်နီးနေတယ်၊ တိုက်ပွဲဖြစ်နေတယ်လို့ မနက်က သိရတယ်။ စကစ က ရေကြောင်းကနေ သုံးတယ်၊ ကြည်းကြောင်း တက်တာရော။ လေကြောင်းရော၊ ဒရုန်းကလည်း ဟိုရက်တွေတည်းက သုံးနေတာဆိုတော့ ပေါင်းစုံ ပေါင်းတိုက်နေတဲ့သဘောရှိတယ်။ ခုချိန်ထိတော့ တကောင်း ကျသွားတယ်လို့ မကြားသေးဘူး”လို့ ပြောပါတယ်။

တကောင်းမြို့ကို ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်ပြီလို့ သတင်းတွေ ထွက်လာနေတာနဲ့ပတ်သက်လို့  NUG ပြောခွင့်ရသူ အပါအဝင် မန္တလေး-PDF နဲ့ ပါဝင်တိုက်ခိုက်နေတဲ့ အဖွဲ့တွေဆီ DVB က ဆက်သွယ်ပေမဲ့  မတ်လ ၁၀ ရက် ညနေပိုင်းအထိ ပြန်ဖြေဆိုတာ မရှိခဲ့ပါဘူး။

စစ်ကောင်စီတပ်ဟာ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျဉ်းကစလို့ အခု တကောင်းနယ်အထိ ထိုးစစ်တွေမှာ ဒရုန်းတွေနဲ့ တိုက်ခိုက်ပြီးမှ မြေပြင်စစ်ကြောင်းထိုးတဲ့ပုံစံ ကျင့်သုံးနေတဲ့အကြောင်း စစ်ရေးလေ့လာသူ CDM ဗိုလ်ကြီးဇင်ယော်ကလည်း မတ် ၁၀ ရက်မနက်ပိုင်းမှာ ပြောပါတယ်။

“အဓိက ကတော့ ရေကြောင်းဖြစ်တဲ့ မြစ်ကမ်းနဖူးမြို့ ဖြစ်သလို ‘မြန်မာအစ တကောင်းက’ ဆိုတဲ့ သမိုင်းကြောင်းအရလည်း စစ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးသိက္ခာနဲ့ သမိုင်းကြောင်းအရပါ အရေးပါတဲ့နေရာလို့ ပြောရပါမယ်။ စစ်တပ်က ဒရုန်းရော၊ လက်နက်ကြီးရော သုံးပြီး တိုက်လာတာ ဆိုတော့ အနာခံပြီးတော့ ခုခံမှာ မဟုတ်ဘူးလို့ ထင်တယ်။ ထီးချိုင့်ဘက်ကို ဆုတ်ချင်လည်း ဆုတ်မယ်၊ မဟုတ်ရင်လည်း ဧရာဝတီမြစ် တဘက်ကမ်းက မောင်းကုန်းဘက်ကို ဆုတ်ခွာသွားနိုင်ခြေ ရှိတယ်လို့ ကျနော်ကတော့ မှန်းဆရပါတယ်ဗျ။”

တကယ်လို့ တော်လှန်ရေးတပ်တွေ တကောင်းကနေ ဆုတ်ခဲ့ရရင် မန္တလေးတိုင်းတခုလုံးကို လက်လွှတ်ရမှာ ဖြစ်ပြီး စစ်တပ်က ထီးချိုင့်နဲ့ အင်းတော်ဘက်ကို ဆက်လက်ထိုးစစ်ဆင်လာခြေ ရှိနေတဲ့အကြောင်းလည်း CDM ဗိုလ်ကြီးဇင်ယော်က သုံးသပ်ထားပါတယ်။

တကောင်းဒေသခံတယောက်ကလည်း မြို့ကို စစ်တပ်ကပြ န်ရသွားပြီလားဆိုတာ မသိပေမဲ့ PDF တွေက မတ် ၈ ရက်ကတည်းက တကောင်းမြို့နားက ရွာတွေမှာ နေထိုင်တဲ့ ပြည်သူတွေကို ကြိုတင်တိမ်းရှောင်ခိုင်းတာကြောင့် လူဦးရေ ထောင်နဲ့ချီတဲ့ရွာခံတွေ စစ်ရှောင်နေကြတဲ့အကြောင်း ပြောပါတယ်။ 

စိုးသူအောင်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013