Home
မြန်မာသတင်း
စစ်တပ် လူသားဒိုင်းအဖြစ် ဖမ်းထားသည့် ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့ဟု NUG ပြော
DVB
·
March 10, 2026

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်မှာ စစ်တပ်က လူသားဒိုင်းအဖြစ် ဓားစာခံ ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေး ဝန်ကြီးဌာနက မတ် ၁၀ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာန ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ တပ်မဟာ ၃ ကွပ်ကဲမှုအောက်က တပ်ရင်းတပ်ဖွဲ့တွေ ပူးပေါင်းကယ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းဟာ မတ် ၅ ရက်နေ့က ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်းကျေးရွာတို့က အရပ်သားပြည်သူ ၃၀၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တာပါ။

ပြည်သူတွေ လွတ်မြောက်ဖို့အတွက် ပဲခူးတိုင်းစစ်ဌာန၊ ဗျူဟာ ၂၅ ကွပ်ကဲမှုအောက်က ၃၇၀၂ တပ်ရင်း၊ Spring Warriors တပ်ရင်း၊ အထူးကွန်မန်ဒိုတပ်ရင်း၊ ဗျူဟာ ၂၆ ကွပ်ကဲမှုအောက်က တော်ဝင်ဒေါင်းတပ်ရင်း၊ တောကျီးကန်းတပ်ရင်း၊ ၃၇၀၃ တပ်ရင်း၊ KNLA ကွန်မန်ဒိုတပ်ဖွဲ့တွေ၊ KNLA တပ်ရင်း ၇၊ တပ်ရင်း ၉ နဲ့ ဒရုန်းတပ်ဖွဲ့တွေပူးပေါင်းပြီး ‘ပြည်သူကိုကယ်ထုတ်သော စစ်ဆင်ရေး’ အဖြစ် ဆောင်ရွက်ခဲ့တာလို့ NUG က ဆိုပါတယ်။

စစ်ဆင်ရေးအတွင်း ပဲခူးတိုင်းစစ်ဌာနနဲ့ KNLA တို့ဘက်က အထိအခိုက်အကျအဆုံးရှိခဲ့သလို စစ်တပ်ဘက်က ၁၀ ယောက်ကျော်သေဆုံး၊ အယောက် ၂၀ ထက်မနည်း ဒဏ်ရာ အပြင်းအထန် ရခဲ့တယ်လို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ပြည်သူတွေကို လွတ်မြောက်ရာဒေသခတွေဆီ ကူညီပို့ဆောင်ပေးခဲ့တယ် လို့လည်း ဆိုပါတယ်။

မတ် ၇ ရက်နေ့က စစ်တပ်နဲ့  KNLA တို့တိုက်ပွဲဖြစ်ချိန်မှာ စစ်တပ်က ရေတွင်းကုန်းကျေးရွာအုပ်စုထဲကို ဗုံးကြဲတာကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူတွေထဲက ၂၅ ယောက်လောက်သေဆုံးခဲ့ပြီး ၅ ယောက်ကတော့ စစ်တပ်ရဲ့ သတ်ဖြတ်တာကို ခံခဲ့ရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013