
ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းအထက် နန့်ခုတ်နဲ့၊ မြလယ်တကြောကို စစ်ကောင်စီတပ်က တိုက်လေယာဉ် ၃ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားတဲ့အတွက် ရွှေမျှောဖောင်မှာ အလုပ်လုပ်တဲ့သူ ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
မတ် ၁၀ ရက် ညနေ ၃ နာရီဝန်းကျင်က ရွှေကူနဲ့ ဗန်းမော်ကြား ဧရာဝတီမြစ်ကြောင်းပေါ်က ရွှေမော်တောနဲ့ မျှောဖောင်တွေကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
“၅ စီး မီးလောင်တာ။ အဲ့ ၅ စီးမှာ တယောက်ပဲ အသက်ရှင်တယ်တဲ့။ အခုလက်ရှိက အလောင်းကောက်ထားတာ ၃၀ ကျော်တဲ့။ ၁၀၀ နီးပါး ရှိမယ်ထင်တယ်။ အခုမနက်လည်း ဈေးထဲမှာ လေယာဉ်တက်လာတယ်ဆိုတဲ့ သတင်းကြားတော့ ဝရုန်းသုန်းကားနဲ့ ပြေးကုန်ကြတယ်။ လူလည်း မရှိတော့ဘူး။ မြလယ်ရွာကော မြစ်ကမ်းဘက်ကျတဲ့သူတွေက ပြောင်းနေ ရွှေ့နေကြပြီ။”
လေယာဉ်ဗုံးကြဲမှုကြောင့် သေဆုံးသူ ၃၀ ကျော် ရှိနိုင်တယ်လို့ သတင်းရင်းမြစ်တွေအရ သိရပေမဲ့ အတိအကျ အတည်မပြုနိုင်သေးပါဘူး။
ဗုံးကြဲခံရတဲ့နေရာဟာ ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာအုပ်စု၊ နန့်ခုတ်နဲ့ မြလယ်ကျေးရွာ တကြောမှာရှိပြီး ဂျက်ဖိုက်တာ၊ Y-12 ဗုံးကြဲလေယာဉ်တွေနဲ့ ဆက်တိုက်ကြဲချသွားတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အစ်မက K-PAY သွားလဲတာ။ ကောင်းဒုံမှာ အစ်ကိုဆီ ပိုက်ဆံပေးမလို့ ဆိုပြီး ထွက်တော့။ ရွာဦးကို ရောက်တော့ လေယာဉ်က ကောင်းတုံကို ပစ်ထားပြီ။ ပြန်လှည့်ဖို့လည်း မထူးဘူးဆိုပြီး ရွာမီးနဲ့ဆိုတော့ ဆက်ပဲ သွားလိုက်မယ်ဆိုပြီး သွားလိုက်တာ။ တဖက်မှာ ဘယ်ဘက်ကျတော့ မြစ်ဆိပ်။ အစ်မလည်း ဆိုင်ကယ်ရပ်ပြီးတော့ မြေကြီးမှာ ကပ်ပြီး ဝပ်ပြီးကြည့်နေတော့ သောင်ပြင်မှာ ပစ်တာပစ်တာ လေယာဉ်က၊ ပစ်တာလည်း လူတွေကလည်း ဝရုန်းသုန်းကားပေါ့။ ပြေးတဲ့ဟာကပြေး ဝပ်နေတဲ့ဟာက ဝပ်နေကြတာ။ အဲ့မှာ အဆင်မပြေဘူး၊ အစ်ကိုဆီသွားမှဆိုပြီး လေယာဉ်က ပစ်ပြီးရင် လှည့်တဲ့အချိန်ရှိတယ်လေ၊ အဲဒီချိန်မှာ အစ်ကိုဆီ သွားလိုက်တာ။၊ အဲ့မှာလည်း မြစ်ကမ်းနားပဲဆိုတော့ အကုန်လုံး ဝပ်နေကြတော့ အဲဒီမှာလည်း ဝပ်နေရတာပဲ။ လေယာဉ်က ပတ်တာ ပတ်တာ ဆိုတာ ပတ်လိုက် ကြဲလိုက် ပတ်လိုက် ကြဲလိုက်ပဲ။”
ဗန်းမော်မြို့နယ်၊ စင်းခန်းကျေးရွာကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ၂၀၂၄ ခုနှစ် မေလဆန်းပိုင်းမှာပဲ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိချိန်ထိ ဗန်းမော်မြို့သိမ်းတိုက်ပွဲ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မတ် ၆ ရက်မှာလည်း စစ်ကောင်စီရဲ့ Mi-17 စစ်ရဟတ်ယာဉ်ကို KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က ပစ်ခတ်တာ ထိမှန်ခဲ့ပါတယ်။
ကချင်ပြည်နယ် ဖားကန့်၊ ဝိုင်းမော်နဲ့ ဗန်းမော်မြို့တွေမှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီက တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ KIO ထိန်းချုပ်နယ်မြေတွေနဲ့ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အရပ်သားပြည်သူတွေ နေထိုင်ရာ နေရာတွေကိုလည်း လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်နေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှုတွေ ရှိနေတာဖြစ်ပါတယ်။
ဟန်န


