
အီရန်က အိန္ဒိယသင်္ဘောတချို့ကို ဟော်မုဇ်ရေလက်ကြားကတဆင့် ဖြတ်သန်းခွင့်ပြုခဲ့တယ်လို့ အီရန်ခေါင်းဆောင်ရဲ့ ကိုယ်စားလှယ် အဗ္ဗဒူလ်မာဂျစ်ဟာကင်မ်အယ်လာဟီက မတ် ၁၄ ရက်မှာ ပြောပါတယ်။
ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အထောက်အပံ့တွေကို အနှောင့်အယှက်ဖြစ်စေတဲ့ ပိတ်ဆို့မှုအတွင်း ရှားရှားပါးပါး ခြွင်းချက်တခုအနေနဲ့ အခုလို ဖြတ်သန်းခွင့်ပေးခဲ့တာပါ။
အမေရိကန်နဲ့ အစ္စရေးတို့က အီရန်အပေါ် စပြီး ဗုံးကြဲတိုက်ခိုက်ပြီးကတည်းက အီရန်အစိုးရဟာ သူ့ ကမ်းရိုးတန်းကို ဖြတ်သန်းပြီး ကမ္ဘာလုံးဆိုင်ရာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ရည် ၂၀ ရာခိုင်နှုန်း လောက်ကို ထောက်ပံ့ပေးတဲ့ ဟော်မုဇ်ရေလက်ကြားကနေ သွားလာမှုကို အများအားဖြင့် ဟန့်တားထားခဲ့ပါတယ်။
အိန္ဒိယအလံလွှင့်ထားတဲ့ သင်္ဘော ၂ စင်းဟာ ဟော်မုဇ် ရေလက်ကြားကို ဘေးကင်းကင်း ဖြတ်ကျော်ခဲ့ပြီး လာမဲ့ အပတ်မှာ အိန္ဒိယဆိပ်ကမ်းတွေဆီရောက်ဖို့ မျှော်လင့်ထားတယ်လို့ အစိုးရ အရာရှိတယောက်က သတင်းထောက်တွေကို မတ် ၁၄ ရက်နေ့ နယူးဒေလီမြို့တော်မှာ ပြောပါတယ်။
ရှီဗာလစ်ခ်နဲ့ နန်ဒါဒေဗီ သင်္ဘောတွေဟာ ဓာတ်ငွေ့ရည် မက်ထရစ်တန်ချိန် ၉၂,၇၀၀ လောက်ကို တင်ဆောင်ထားပြီး မတ် ၁၆ ရက် ၁၇ ရက် လောက်မှာ မန်ဒရာနဲ့ ကန်ဒလာဆိပ်ကမ်းတွေဆီ ရောက်မယ်လို့ အိန္ဒိယရဲ့ရေကြောင်းပို့ဆောင်ရေး ဝန်ကြီးဌာန အထူးအတွင်းရေးမှူး ရာဂျက်ရှ်ကူမား ဆင်ဟာက ပြောပါတယ်။
အိန္ဒိယနိုင်ငံက ကျန်သေးတဲ့ သင်္ဘောတွေ ဘေးကင်းကင်း ဖြတ်သန်းနိုင်ဖို့ ကြိုးစားနေတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီး ဂျိုင်ဆွာလ်က ပြောပါတယ်။
အီရန်က အမေရိကန်နဲ့ သူ့မဟာမိတ်တွေအတွက် ရေလက်ကြားကနေ ဖြတ်သန်းခွင့် ပြုမှာ မဟုတ်ဘူးလို့ ပြောထားပေမဲ့ အိန္ဒိယက ခြွင်းချက်တွေ ရခဲ့တာပါ။
ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ ကြာသပတေးနေ့မှာ အီရန်သမ္မတ မာဆွတ်ဒ်ပေဇက်ရှ်ကီယံနဲ့ စကားပြောခဲ့ပြီး ပင်လယ်ကွေ့ကနေ ကုန်စည်နဲ့ စွမ်းအင်သယ်ယူပို့ဆောင်ရေးအကြောင်း ဆွေးနွေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
အိန္ဒိယနိုင်ငံဟာ ဆယ်စုနှစ်များစွာအတွင်း အဆိုးရွားဆုံး ဓာတ်ငွေ့အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပြီး အစိုးရက အိမ်ထောင်စုတွေအတွက် ချက်ပြုတ်ဓာတ်ငွေ့တွေ မပြတ်လပ်အောင် ကာကွယ်ဖို့ စက်မှုလုပ်ငန်းတွေအတွက် အထောက်အပံ့တွေကို ဖြတ်တောက်ထားပါတယ်။
Source: Reuters


