
အီရန်ကို ထိုးစစ်ဆင်နေမှုတွေ ရန့်တန့်ဖို့ သဘောတူညီမှုအသင့်မဖြစ်သေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
အပစ်ရပ်ဖို့ ဆန္ဒရှိနေတဲ့ အီရန်နိုင်ငံဟာ စည်းကမ်းချက်တွေ လိုက်နာဖို့ မလုံလောက်သေးဘူး ဆိုတာနဲ့ စစ်တိုက်နေတာကို ရပ်ပြီး သဘောတူညီချက်လုပ်မှာ မဟုတ်ဘူးလို့ ထရမ့်ပ်က ပြောပါတယ်။
အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ထဲမှာ အီရန်ဟာ နျူကလီးယားပိုင်ဆိုင်ခွင့်ကို လုံးဝစွန့်လွှတ်ဖို့ ကလည်း အစိတ်အပိုင်း ၁ ခုအဖြစ်ပါဝင်နေပါတယ်။
ထရမ့်ပ်က “အီရန်က သဘောတူညီမှုရဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့ သူတို့က စည်းကမ်းချက်တွေ အပြည့်အဝ လိုက်နာတာမျိုး မရှိလို့ ကျနော်ကတော့ အပစ်မရပ်ချင်ပါဘူး”လို့ ပြောပါတယ်။
ဖေဖော်ဝါရီ ၂၈ ရက်ကတည်းက တိုက်ခိုက်ခဲ့တဲ့ စစ်ပွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေး သင်္ဘောလမ်းကြောင်းသွားလာမှု အနှောင့် အယှက်ဖြစ်ခဲ့ရသလို ရေနံဈေးတက်တာနဲ့ ကမ္ဘာ့စီးပွားရေး မငြိမ်မသက်ဖြစ်စေခဲ့ပါတယ်။
အမေရိကန်ဟာ အီရန်ရဲ့ စစ်ရေးအဆောက်အအုံတွေ၊ ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ လက်နက်ထုတ်စက်ရုံတွေကို ၂ ရက်အတွင်း ဖျက်ဆီးခဲ့တယ်လို့လည်း ထရမ့်ပ်က ပြောပါတယ်။
ဒါ့အပြင် အီရန်ရဲ့ အဓိက ရေနံတင်ပို့ရာကျွန်းဖြစ်တဲ့ ခါ့ဂ်ကျွန်းကိုလည်း ကြီးမားတဲ့ တိုက်ခိုက်မှုတွေပြုလုပ်ထားပါတယ်။
အီရန်စစ်ပွဲဟာ ဒီအပတ် စနေနေ့မှာ ၁၅ ရက်ပြည့်တာဖြစ်ပြီး အီရန်ထိပ်တန်းအရာရှိ မိုဆန်ရီဇီးက စစ်လျော်ကြေးငွေအပြည့်ပေးပြီး ပင်လယ်ကွေ့ကနေ အမေရိကန်တပ်တွေ လုံးဝဆုတ်ခွါဖို့ ပြောထားတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က အီရန်တိုက်ပွဲဖြစ်နေတဲ့ ကမ္ဘာနဲ့ ဒေသတွင်းအခြေအနေက အရှိန်မြင့်နေကြောင်း၊ အစ္စရေးကတော့ လိုအပ်ရင်နောက်ဆုံးအချိန်အထိ တိုက်ပွဲဝင်ဖို့ ကတိပြုထားကြောင်း ပြောထားပါတယ်။
အစ္စရေးနိုင်ငံဟာ အမေရိကန်နဲ့ ပေါင်းပြီး အီရန်ကို ထိုးစစ်ဆင်နေကာ လေကြောင်းတိုက်ခိုက်မှု အကြိမ် ၇,၆၀၀ ကျော် ပြုလုပ်ခဲ့ပါတယ်။
အီရန်ကလည်း Promise-4 စစ်ဆင်ရေးရဲ့ ၅၁ ကြိမ်မြောက် တိုက်ခိုက်မှုအဖြစ် ဆော်ဒီအာရေဗျမှာရှိတဲ့ မင်းသားဆူလ်တန်အခြေစိုက်စခန်းကို ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဒါ့အပြင် ကူဝိတ်၊ ကာတာ၊ ယူအေအီးတို့ကိုလည်း တိုက်ခိုက်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။
အီရတ်နိုင်ငံမှာ ရှိတဲ့ အမေရိကန်နိုင်ငံသားတွေလည်း အီရတ်ကနေ အိုမန်ကို ထွက်ခွါဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။
အီရန်စစ်ပွဲက တတိယအပတ်ဆီ ရောက်လာတာနဲ့အမျှ ဟော်မုဇ်ရေလက်ကြားဆီ တခြားနိုင်ငံတွေက စစ်သင်္ဘောတွေလွှတ်ဖို့ မျှော်လင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားဟာ အီရန်ရဲ့ကိုယ်ပိုင်ရေလမ်းကြောင်းကလွဲလို့ ရေနံတင်ပို့ဖို့ အများအားဖြင့် ပိတ်ဆို့ထားတဲ့ မဟာဗျူဟာမြောက် ရေလမ်းကြောင်း ဖြစ်ပါတယ်။
အမေရိကန်ရေတပ်ဟာ ရေလက်ကြားကတဆင့် ရေနံတင်သင်္ဘောတွေကို “မကြာမီ” စပြီး လိုက်ပါပို့ဆောင်ပေးမယ်လို့ အစောပိုင်းမှာ ထရမ့်ပ်က ပြောခဲ့ပါတယ်။
အမေရိကန်ဟာ “အီရန်ရဲ့ ရတနာဖြစ်တဲ့ ခါ့ဂ်ကျွန်း”က စစ်ရေးပစ်မှတ်တိုင်းကို ဖျက်ဆီး ပစ်ခဲ့တယ်လို့လည်း ထရမ့်ပ်က လူမှုမီဒီယာမှာ ပြောပါတယ်။
ဟော်မုဇ်ရေလက်ကြားကို ပြန်ဖွင့်ရေး အီရန်ကို ဖိအားပေးဖို့ ရည်ရွယ်တဲ့ စစ်ဆင်ရေးဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် ပဋိပက္ခတွေ မြင့်တက်လာမယ်လို့ အီရန်က သတိပေးခဲ့ပါတယ်။
အမေရိကန်နိုင်ငံသားတွေနဲ့ တခြားသူတွေအပေါ် “ထပ်ခါတလဲလဲ တိုက်ခိုက်အပြီးမှာ အီရတ်နိုင်ငံကနေ ထွက်သွားဖို့ အမေရိကန်တွေကို ဘဂ္ဂဒက်မြို့တော်က အမေရိကန်သံရုံးက တိုက်တွန်းနေပါတယ်။
အီရန်နဲ့ မဟာမိတ်စစ်သွေးကြွတွေက ပစ်မှတ်ထားနေတာလို့ အရာရှိတွေက ပြောခဲ့ပါတယ်။ စစ်ပွဲစတင်ချိန်ကနေ ကြာသပတေးနေ့အထိ အမေရိကန်စစ်တပ်က အီရန် ပစ်မှတ် ၆,၀၀၀ လောက်ကို တိုက်ခိုက်ခဲ့ပြီး သင်္ဘော ၆၀ ကျော်နဲ့ မိုင်းခွဲသင်္ဘော ၃၀ လောက် ထိခိုက်ပျက်စီးသွားပြီလို့ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနက သတင်းပို့ပါတယ်။
စစ်ဆင်ရေးမှာသုံးတဲ့ လက်နက်တွေထဲမှာ ဗုံးကြဲလေယာဉ်အမျိုးမျိုး၊ တိုက်လေယာဉ်တွေ၊ အီလက်ထရွန်းနစ်စစ်ပွဲနဲ့ ထောက်လှမ်းရေးလေယာဉ်တွေ၊ မောင်းသူမဲ့လေယာဉ်စနစ်တွေ၊ ဒုံးကျည် ကာကွယ်ရေးပလက်ဖောင်းတွေ၊ အမြောက်စနစ်တွေ၊ စစ်သင်္ဘောတွေ၊ တန်ပြန်ဒရုန်းပစ္စည်းတွေ၊ လောင်စာဆီဖြည့်ပစ္စည်းတွေနဲ့ ကုန်တင်လေယာဉ်တွေ ပါတယ်လို့ အချက်အလက် စာရွက်စာတမ်းတွေက ဆိုပါတယ်။
အီရန် လေတပ်စခန်း ၁၂ ခုမှာ လေယာဉ် အစင်း ၄၀ ထက်မနည်း ထိခိုက်ပျက်စီးနေတာကို BBC သတင်းဌာနက ဖော်ပြပါတယ်။
အီရန်နိုင်ငံပိုင်မီဒီယာကတော့ ဖေဖော်ဝါရီ ၁၇ ရက်က ဟော်မုဇ်ရေ လက်ကြားနဲ့ အနီးတဝိုက်မှာ တော်လှန်ရေးအစောင့်တပ်တွေရဲ့ လေ့ကျင့်မှုတွေကို ထုတ်လွှင့်ခဲ့ပြီး၊ လုံခြုံရေး ကြိုတင်ကာကွယ်မှုတွေအတွက် ရေလမ်းကြောင်း အစိတ်အပိုင်းတချို့ကို နာရီနည်းနည်း ပိတ်ထားမယ်လို့ ဖှားသတင်းဌာနက ဖော်ပြပါတယ်။
Source: Reuters


