Home
မြန်မာသတင်း
လွိုင်ကော်-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က ပြန်ထိန်းချုပ်
DVB
·
March 16, 2026
Photo: DVB

ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်တွေ ပြန်လည်ထိန်းချုပ်လိုက်ပြီး ဘောလခဲမြို့ထဲမှာ တပ်အင်အား ပြင်ဆင်နေတယ်လို့ မြေပြင်စစ်ရေးရင်းမြစ်တွေက ပြောပါတယ်။

ကရင်နီပြည်နယ်ရဲ့ အဓိကဆက်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ လွိုင်ကော်-ဒီးမော့ဆို-ဖရူဆို-ဘောလခဲ-ဖားဆောင်း ပြည်ထောင်စုလမ်းမကြီးကို စစ်တပ်က ရန်နိုင်မင်း စစ်ဆင်ရေး တစိတ်တပိုင်းအနေနဲ့ ပြန်ရဖို့ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ ကတည်းက ထိုးစစ်တွေ ဆင်နေတာပါ။

ထိုးစစ်စပြီး ၆ လအကြာမှာ စစ်တပ်စစ်ကြောင်းတွေဟာ လွိုင်ကော်ကနေ ဘောလခဲထိ ဆက်ထားတဲ့ ကားလမ်းမရဲ့ နေရာ တော်တော်များများကို ပြန်ထိန်းချုပ်ထားတဲ့ အနေအထားမှာ ရှိတယ်လို့ မြေပြင်မှာရှိနေတဲ့ DVB ရဲ့ စစ်ရေးရင်းမြစ်က ပြောပါတယ်။

“လောလောဆယ် အခြေအနေက လွိုင်ကော်ကနေ ဘောလခဲထိတော့ ပေါက်သွားပြီ။ ဒီဘက်မှာလည်း ဖရူဆိုဘက်မှာလည်း ပေါက်သွားပြီ။ အဲဒီတော့ သေချာတယ်၊ အခုက ဖားဆောင်းထိက သူတို့ လမ်းမကြီးတခုလုံး ပြန်ထိန်းချုပ်သွားနိုင်တယ်လို့ ပြောလို့ရတာပေါ့။ မနေ့ညကတော့ ဘောလခဲထဲ ကားတွေ၊ စစ်ကားတွေပေါ့၊ အစီး ၂၀ လောက် ဝင်သွားတယ်။ သေချာတယ် ဒီလမ်းပိုင်းတွေမှာ သူတို့ တောက်လျှောက် လုံခြုံရေးယူထားတဲ့ အနေအထားရှိတယ်။ အနောက်ဘက်ခြမ်း အရှေ့ဘက်ခြမ်း အကုန်လုံးပေါ့၊ လမ်းမကြီးဘေး ဘယ်ညာ သူတို့ ထပ်ပြီးတော့ ထိုးနိုင်မဲ့ အနေအထားမျိုးတော့ မြင်တော့မြင်နေတယ်။”

ပြည်ထောင်စုလမ်းမကြီးကို ရဖို့ စစ်တပ်က မြေပြင်အင်အားအပြင် လေကြောင်းကနေပါ စစ်ရေးပစ်မှတ်မဟုတ်တဲ့ နေရာတွေကိုပါ တိုက်ခိုက်နေတဲ့ အခြေအနေမျိုးမှာ ရှိတယ်လို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ရဲ့ အတွင်းရေးမှူး ၂ ကိုဗညားက ဆိုပါတယ်။

လက်ရှိ ဖရူဆိုနဲ့ ဘောလခဲမြို့အကြားမှာ ကရင်နီတော်လှန်ရေးတပ်ပေါင်းစု‌ တပ်တွေနဲ့ စစ်တပ်တို့ နေ့စဉ် ထိတွေ့မှုတွေ ရှိနေပြီး ပြီးခဲ့တဲ့ မတ် ၁၄ ရက်က ဖရူဆို-ထားလဲ လမ်းမကြီးပေါ်ကို စစ်ကြောင်းထိုးလာတဲ့ ယာဉ်တန်းကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) က ကြားဖြတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်သေပြီး ဒဏ်ရာရသူတွေ ရှိတယ်လို့ ထုတ်ပြန်ထားပါတယ်။

မတ် ၁၅ ရက်မှာတော့ စစ်တပ်က ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတခုကို Y-12 လေယာဉ်နဲ့ ဗုံးလာကြဲသွားလို့ စစ်ဘေးရှောင်အမျိုးသမီးတယောက် ဒဏ်ရာပြင်းပြင်းထန်ထန် ရခဲ့တယ်လို့ ကိုဗညားက ပြောပါတယ်။

IEC အတွင်းရေးမှူး ၂ ကိုဗညားက “အမှန်ကတော့ ထားလဲအထိ သူတို့ မရသေးဘူး။ ဒါပေမဲ့ ဒီဘက် ဘောလခဲကနေ သူတို့တက်လာပြီးတော့ နန်းဖဲအထိ သူတို့ရောက်နေပြီပေါ့။ တချို့ နန်းဖဲ စစ်ရှောင်စခန်းတွေ လွန်ခဲ့တဲ့ တလတည်းက ရွှေ့ထားပြီးသား။ နောက် နန်းဖဲဘက်က တချို့ကျေးရွာတွေကို ဗုံးနဲ့ကြဲတာတော့ ဆက်တိုက်ရှိတယ်။ ဒရုန်းနဲ့ပစ်တာတွေ၊ ဗုံးနဲ့ကြဲတာတွေပေါ့၊ ဆက်တိုက်လုပ်နေတာ ရှိပါတယ်” လို့ ပြောပါတယ်။

ကရင်နီပြည်နယ်ရဲ့ မြို့တွေကို ချိတ်ဆက်ထားတဲ့ ပြည်ထောင်စုလမ်းမကြီးကို စစ်ကောင်စီတပ်တွေ အပြည့်ထိန်းချုပ်နိုင်ပါက မော်ချီးနဲ့ မယ်စဲ့ကို သိမ်းဖို့ ထောက်ပို့လမ်းကြောင်းတွေ အားသာသွားနိုင်တယ်လို့ ဒေသခံတွေက သုံးသပ်နေကြသလို စိုးရိမ်ပူပန်မှုတွေလည်း ရှိနေပါတယ်။

တော်လှန်ရေးတပ်တွေဘက်ကတော့ မယ်စဲ့ဘက် စစ်ကြောင်းမရောက်အောင် ဖားဆောင်း သံလွင်မြစ်ကူးတံတားကို ဖျက်ဆီးထားကာ ပြည်ထောင်စုလမ်းမကြီးပေါ် အသွားအလာ လုပ်တာကိုလည်း ကန့်သတ်ထားပါတယ်။

မောရစ်

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013