
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ဒုက္ခသည်ကယ်ဆယ်ရေးစခန်း ၃ ခုက လူငယ်အများအပြား အပါအဝင် ၃၅ ယောက်ကို စစ်ကောင်စီတပ်နဲ့ ALP က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မတ် ၇ ရက် ညက ဘောဒူဖ မွတ်ဆလင် ဒုက္ခသည်စခန်း ၁ နဲ့ ၂ ကို စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ ခန့် လာရောက်ပြီး လူငယ် ၂၁ ယောက်ကို အတင်းအဓမ္မ ပြည်သူ့စစ်သင်တန်းတက်ဖို့ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“အင်အား ၅၀ ပါတယ်။ ဝင်ပြီး လူစုတယ်။ လူငယ်တွေ သတ်သတ်စုခိုင်းပြီး ကယ်ဆယ်ရေး စခန်း ၂ ခုပေါင်းက လူငယ် ၂၁ ယောက်ကို ဖမ်းသွားတယ်။”
ဖမ်းဆီးခံလိုက်ရတဲ့ လူငယ် ၂၁ ယောက်ကို စစ်ကောင်စီ ဒကစရုံးကို တိုက်ရိုက်ပို့ဆောင်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
အလားတူ မတ် ၉ ရက်ကလည်း ဆတ်ရိုးကျရပ်ကွက်ရှိ၊ အကွက် ၂ ဟိန္ဒူကယ်ဆယ်ရေးစခန်းက လူငယ် ၁၀ ယောက်ကို ALP ပူးပေါင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လာရောက်ပြီး ALP ရုံးကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ မြို့ခံအမျိုးသားတယောက်ကလည်း ပြောပါတယ်။
“ည ၇ နာရီကျော်မှာ လာပြီး ဖမ်းယူသွားတယ်။ အခုသိရတာက ALP မှာ စစ်သင်တန်းတက်နေပြီလို့ သိရပါတယ်။”
စစ်ကောင်စီနဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) တို့ဟာ မတ် ၇ ရက်ကစပြီး မတ် ၁၅ ရက်အထိ စစ်တွေမြို့ပတ်ဝန်းကျင်ရှိ ဒေသခံ မွတ်ဆလင် ၂၅ ယောက်နဲ့ ဟိန္ဒူ ၁၀ ယောက်၊ စုစုပေါင်း ၃၅ ယောက်ကို ဆက်တိုက်ဖမ်းဆီးထားပြီး ဖမ်းဆီးခံရသူတွေကို အတင်းအဓမ္မ စစ်သင်တန်း တက်ခိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


