
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ဝင် ၁ ယောက်ဟာ မတ် ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဆီ ပူးပေါင်းသွားတယ်လို့ ယောအလင်းတန်းအဖွဲ့နဲ့ ဂန့်ဂေါမြို့နယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
ယောအလင်းတန်းအဖွဲ့ရဲ့တာဝန်ရှိသူက “ဂန့်ဂေါတောင်ပိုင်းမှာ အခြေစိုက်တဲ့ ခရိုင်တပ်ရင်းတခုထဲက ရဲဘော် ၁ ယောက်က ဂန့်ဂေါမြို့ပေါ် ခလရ ၅၀ ကို ပူးပေါင်းသွားတာပါ” လို့ ပြောပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဂန့်ဂေါမြို့နယ်တောင်ပိုင်းမှာအခြေစိုက်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဆီကို အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလိုင်းနဲ့အင်တာနက်လိုင်း အခက်အခဲကြောင့် ဆက်သွယ်လို့ မရခဲ့ပါဘူး။
ထီးလင်းမြို့နယ် ပကဖ ရဲ့ တာဝန်ရှိသူက “ကျနော်တို့ သိရသလောက်တော့ သူက တပ်ဖွဲ့ပိုင်ကျည်ဆန်တွေ ခိုးရောင်းခဲ့လို့ ပြစ်ဒဏ်ချထားတာမှာ ထွက်ပြေးသွားတာ။ အစကတော့ ထွက်ပြေးရုံ ထွက်ပြေးသွားတယ်ပေါ့။ နောက်မှ ခလရ ၅၀ ကထွက်လာတဲ့ စစ်ကြောင်းနဲ့ ပါသွားတယ်။ လက်နက်ခဲယမ်းတွေတော့ ပါသွားတယ် မကြားမိဘူးဗျ။ သူ့မိသားစုကိုလည်း ဂန့်ဂေါနားက အမတ ၃၇၁ တပ်ထဲ ခေါ်သွားတယ်လို့ သတင်းတွေ ထွက်နေတယ်။ အတည်တော့မပြုနိုင်သေးဘူး” လို့ DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဆီကိုပူးပေါင်းသွားတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်ဟာ ဂန့်ဂေါမြို့နယ်၊ ပြစ်မကျေးရွာသား မင်းကျေးရွာ၊ ရဲကင်းစခန်းက ရဲတပ်သား ကိုဝဏ္ဏအောင် (ခေါ်) ဖိုးတရုတ် ဖြစ်ပြီး ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်ထဲမှာ CDM ပြုလုပ်ပြီး ဂန့်ဂေါမြို့နယ်တောင်ပိုင်းက ခရိုင်တော်လှန်ရေးတပ်ဖွဲ့မှာ တော်လှန်ရေးတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။
ရဲ CDM တော်လှန်ရေးတပ်ဖွဲ့ဝင် ကိုဝဏ္ဏအောင် (ခေါ်) ဖိုးတရုတ် စစ်ကောင်စီတပ်နဲ့ ပူးပေါင်းသွားတာကြောင့် တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ အထူးဂရုစိုက်ကြဖို့ ဂန့်ဂေါခရိုင်ထဲမှာ အခြေစိုက်ကြတဲ့ တပ်ရင်းတပ်ဖွဲ့တွေက သတိပေး တိုက်တွန်းထားတယ်လို့လည်း သိရပါတယ်။


