Home
မြန်မာသတင်း
သရက်ချောင်းမြို့နယ်၌ စစ်ရှောင်ပြည်သူ ၂၀ ခန့်ကို စစ်တပ်က သတ်ဖြတ်
DVB
·
March 15, 2026
Photo: Tanintharyi Regional Command

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ စစ်ကောင်စီတပ်ရဲ့ ဝင်းဝစခန်းတိုက်ပွဲမှာ စစ်ရှောင်ပြည်သူ အယောက် ၂၀ လောက်ကို စစ်တပ်က သတ်ဖြတ်ခဲ့ပြီး လက်ရှိမှာလည်း လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် ပြည်သူတွေ သေဆုံးနေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေ ပူးပေါင်းပြီး မတ် ၁၅ ရက် ဒီနေ့ ထုတ်ပြန်ပါတယ်။

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးပေါ်က စစ်ကောင်စီတပ်ရဲ့ ဝင်းဝစခန်းကို ကရင်အမျိုးသားအစည်းအရုံ (KNU) နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေပူးပေါင်းပြီး မတ် ၁၁ ရက်က တိုက်ခိုက်သိမ်းယူနိုင်ခဲ့တာပါ။

စခန်းသိမ်းတိုက်ပွဲအတွင်း စခန်းမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေ အပါအဝင် စစ်ကူရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ အများအပြားသေဆုံးခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဝင်တချို့လည်း ကျဆုံးခဲ့ပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်ပြည်သူ ၂၀ လောက်ကိုလည်း စစ်ကောင်စီတပ်က သတ်ဖြတ်ခဲ့တယ်လို့ တော်လှန်ရေးတပ်တွေက ထုတ်ပြန်ပါတယ်။

တိုက်ပွဲကနေ ပြန်လာတဲ့ရဲဘော်တွေကို မတ် ၁၄ ရက်က ကစယ်ဒိုမြို့နယ် (သရက်ချောင်း၊ ထားဝယ်နဲ့ ပုလောက ဒေသတချို့)၊ ဘန်းချောင်းကျေးရွာအုပ်စုထဲမှာ KTLA တပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာကြောင့် ဗထူးတပ်ဖွဲ့က ရဲဘော် ၄ ယောက်ကျဆုံး ၃ ယောက် ဒဏ်ရာရပြီး ကားတစီးလည်း ပျက်စီးခဲ့တယ်လို့ ဒီနေ့ ထုတ်ပြန်ပါတယ်။

ဝင်းဝ စခန်းကနေ ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက လိုက်လံတိုက်ခိုက်လို့ မတ် ၁၄ ရက်မှာ ၇ ယောက် သေဆုံးပြီး  MA-1 ၅ လက်၊ MA-3 ၃ လက်၊ MA-4 ၁ လက်၊ G-3 ၁ လက်နဲ့ လက်နက်ခဲယမ်းတွေသိမ်းပိုက်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

စခန်းသိမ်းတိုက်ပွဲတုန်းကလည်း MA-3 ၅ လက်၊ MA-2/ စက်ကလေး ၃ လက်၊ MA-1 ၁၅ လက်၊ MA-4 /နိုင်းတွဲ ၁ လက်၊ G3 ၆ လက်၊ M.16 ၃ လက်၊ ငါးကြင်းမြီး ၂ လက်၊ G.3/စက်ကလေး ၁ လက်၊ 40 မမ ၁ လက်၊ 60 မမ ၂ လက်၊ ၆၀ မမ ကွန်မန်ဒို စိန်ပြောင်း ၂ လက်၊ ဘော်ကာ ၂ လက်၊ စက်လက်ပြောင်း ၂ ချောင်း၊ ဒရုန်းကျည် ၈ လုံး၊ ၁၄ မိုင်း ၁၂ လုံး၊ လက်ပစ်ဗုံး ၁၁ လုံး၊ ကျည်ဘောက် ၁၂၁ ခု၊ အတိုဆုံလည် ၁ လက်/ ကျည်အတောင့် ၃၀၊ ရှေ့ထွက်မိုင်း ၃ လုံး၊ တိုက်မိုင်း ၂ လုံး၊ Jammer/ဒရုန်းကာကွယ်ရေးစက် ၂ ခု၊ မီးစက် ၂ လုံး တို့ကို သိမ်းဆည်းရခဲ့ပါသေးတယ်။

တိုက်ပွဲစစ်ဆင်ရေးကာလအတွင်း စစ်ရေးသတင်းလုံခြုံမှုအရ တယ်လီဖုန်းလိုင်းတွေ ဖြတ်တောက်ထားခဲ့တာအတွက်လည်း ပြည်သူလူထုကို တောင်းပန်ထားပြီး လက်ရှိမှာ တိုက်ပွဲငယ်တွေ ဆက်ဖြစ်နေသလို လေကြောင်းတိုက်ခိုက်တာတွေကြောင့် ပြည်သူတွေ အသက်ဆုံးရှုံးနေပြီး လေကြောင်းရန်ကို သတိရှိကြဖို့လည်း နှိုးဆော်ထားပါတယ်။

ဝင်းဝစခန်းသိမ်းတိုက်ပွဲလိုမျိုး တိုက်ပွဲတွေ ဖော်ဆောင်သွားဦးမှာဖြစ်ပြီး အဲဒီတိုက်ပွဲကိုတော့  ကရင်အမျိုးသားအစည်းအရုံး (KNU)၊ KNLA အထူးဗျူဟာ ၂၊ တပ်ရင်း ၂၇၊ ၁၂၊ ၁ဝ၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ထားဝယ်ခရိုင်တပ်ပေါင်းစု (ထားဝယ်ခရိုင် အမှတ် ၁ တပ်ရင်း၊ အမှတ် ၂ တပ်ရင်း၊ ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့- (ထားဝယ်/လောင်းလုံး/သရက်ချောင်း/ရေဖြူ) ပ.က.ဖ အဖွဲ့ဝင်တွေနဲ့ ဒေါင်းညီနောင်စစ်ကြောင်းတို့ ပူးပေါင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013