
ပဲခူးတိုင်း၊ လက်ပံတန်းမြို့မှာ မတ် ၁၂ ရက် ညပိုင်းက တော်လှန်ရေးတပ်ဖွဲ့တခုရဲ့ တပ်ရင်းမှူး တယောက် လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးခံရတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။
လက်ပံတန်း အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင် တယောက်က “လက်ပံတန်းမြို့ပေါ်မှာ စစ်ဆင်ရေးကိစ္စ သွားလုပ်ကြတဲ့ သာယာဝတီခရိုင်တပ်ရင်းတခုရဲ့ ရင်းမှူးတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ အဖမ်းခံရတယ်။ သူနဲ့အတူပါတဲ့ အမျိုးသမီးရဲဘော် ၃ ယောက်ကတော့ လွတ်တယ်လို့ သိရတယ်”လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အဆိုပါ တပ်ရင်းမှူးဟာ အသက် ၃၀ ဝန်းကျင်အရွယ်ရှိကာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရဲတပ်ဖွဲ့ကနေ CDM ပြုလုပ်ထားသူဖြစ်ပြီး ပဲခူးရိုးမ PDF ဗျူဟာ ၂၂ လက်အောက်က သာယာဝတီခရိုင်တပ်ရင်းတခုမှာ တပ်ရင်းမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
သာယာဝတီခရိုင်တော်လှန်ရေးတပ်ရင်းတခုရဲ့ တာဝန်ခံတယောက်က “အဲဒီရင်းမှူးက စစ်ဆင်ရေးအတွက် ဒရုန်းကိစ္စနဲ့ လက်ပံတန်းမြို့ပေါ်က ၆ ရပ်ကွက်ကိုသွားပြီး ကင်းထောက်တဲ့ အချိန် စစ်တပ်က ပေါ်တာဝင်ဆွဲတာနဲ့ကြုံပြီး သူ့မှာပါတဲ့အတိုနဲ့ ပြန်ပစ်တာမှာ အရှင်ဖမ်းမိသွားတာလို့ သိရတယ်”လို့ ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ အဆိုပါ တပ်ရင်းမှူးရဲ့ အမည်နဲ့ တပ်ရင်းနာမည်တွေကိုတော့ လုံခြုံရေး အခြေအနေကြောင့် ထုတ်ဖော်ပြောဆိုလို့မရဘဲ လျှို့ဝှက်ထားတယ်လို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးမှုအပြီးမှာ တပ်ရင်းအခြေစိုက်စိုးမိုးနယ်မြေအတွင်းမှာရှိတဲ့ ပြည်သူ့ကာကွယ်ရေး တပ်စခန်းတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကတော့ အရေးပေါ် ပြောင်းရွှေ့နေကြပါတယ်။
အဆိုပါတပ်ရင်းမှူး ဖမ်းဆီးခံရတဲ့ကိစ္စကို ပဲခူးရိုးမ PDF ဗျူဟာ ၂၂ အပါအဝင် တပ်ရင်းမှူးနဲ့ သက်ဆိုင်တဲ့ တပ်ရင်းတွေကတော့ မတ်လ ၁၅ ရက်ညပိုင်းအထိ သတင်းထုတ်ပြန်တာ မတွေ့ရသေးပါဘူး။


