Home
မြန်မာသတင်း
ရေစကြိုတွင် တော်လှန်ရေးတပ်စခန်း ၂ ခု စီးနင်းခံရပြီး တော်လှန်ရေးရဲဘော် ၆ ဦး ကျဆုံး
DVB
·
March 15, 2026
Photo: Google Map

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ မတ် ၁၂ ရက်နဲ့ ၁၃ ရက်တွေမှာ တော်လှန်ရေးတပ်စခန်း ၂ ခု စီးနင်းခံလိုက်ရပြီး ရဲဘော် ၆ ယောက် ကျဆုံးကာ လက်နက်ခဲယမ်းတွေလည်း သိမ်းဆည်းခံခဲ့ရတယ်လို့ ရေစကြိုမြို့နယ် အခြေစိုက်တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

ရေစကြိုမြို့နယ် ပကဖ တပ်ဖွဲ့ဝင်တယောက်က “ဒီမြို့နယ်ထဲကို ပြီးခဲ့တဲ့ ၂ လလောက်ကတည်းက တပ်မ ၉၉ လက်အောက်ခံ အင်အား ၂၀၀ လောက်ပါတဲ့ စစ်ကြောင်းက စဉ့်ကိုင်ရွာက ရပ်ကျေး PDF စခန်းက ရဲဘော် ၃ ယောက် အသတ်ခံရပြီး သူတို့အလောင်းတွေကို ရွာထဲမှာတင် မီးရှို့ထားခဲ့တယ်။ အဲဒါပြီးနောက်နေ့ ကံသစ်ရွာက ပကဖ စခန်းထပ်စီးနင်းခံရပြီးတော့ ရဲဘော် ၃ ယောက် ဖမ်းဆီးခံရပြန်တယ်။ အဲဒီရဲဘော် ၃ ယောက်လည်း လမ်းမှာ အသတ်ခံရတယ်လို့လည်း သိရတယ်ဗျ။ စခန်း ၂ ခုလုံးက လက်နက်ခဲယမ်းတွေ သိမ်းဆည်းခံခဲ့ရတာလည်း မှန်ပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ မတ် ၁၂ ရက် မနက် ၅ နာရီဝန်းကျင်မှာ စဉ့်ကိုင်ကျေးရွာက ရပ်ကျေး PDF စခန်းကို ဝင်ရောက်စီးနင်းခဲ့ပြီးနောက် မတ် ၁၃ ရက် မနက် ၆ နာရီဝန်းကျင်မှာ ကံသစ်ကျေးရွာက ခရိုင် ပကဖ စခန်းတခုကို ထပ်မံစီးနင်းခံခဲ့ရတာပါ။

တိုက်ပွဲတွေထဲမှာ မြို့နယ် ပကဖ ရဲဘော် တယောက် ဒဏ်ရာရခဲ့ပြီး စစ်တပ်စစ်ကြောင်းဘက်က ထိခိုက်သေဆုံးသူတွေရှိပေမဲ့ အတိအကျတော့မသိဘူးလို့ ရေစကြိုမြို့နယ်အခြေစိုက် တော်လှန်ရေး တပ်ဖွဲ့ တခုရဲ့ တာဝန်ရှိသူက ပြောပါတယ်။

“စခန်းတွေ အခုလို စီးနင်းခံရတာက ရိုးရိုးတန်းတန်း စစ်တပ် စစ်ကြောင်းထိုးပြီး စီးနင်းခံရတာ မဟုတ်ဘူး။ ပြီးခဲ့တဲ့ လပိုင်းလောက်မှာ ရွာသစ်ဘက်က ပြစ်မှုနဲ့ထိန်းသိမ်းခံထားရတဲ့ ပကဖ ရဲဘော် တယောက်က အစောင့် ရဲဘော် ၂ ယောက်ကို သတ်ပြီးတော့ လက်နက်နဲ့ စစ်တပ်ဆီ သွားပေါင်းပြီး သိပ်မကြာခင် အခုလိုဖြစ်တာဆိုတော့ ဖြစ်စဉ်တွေက ဆက်စပ်မှု ရှိနေတယ်”လို့ ပြောပါတယ်။

ရေစကြိုမြို့နယ်ထဲက တော်လှန်ရေးတပ်စခန်းတွေကို ဝင်ရောက်စီးနင်းသွားတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မတ် ၁၄ ရက်မှာ မြိုင်မြို့နယ်ထဲကို ဆက်လက်ဝင်ရောက်သွားပြီ ဖြစ်လို့ မြိုင်မြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့ဝင်တွေနဲ့ ဒေသခံပြည်သူတွေအနေနဲ့ သတိနဲ့နေထိုင်ကြဖို့ တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၀ ရက်ကလည်း ရေစကြိုမြို့နယ်ထဲမှာရှိတဲ့ ပကဖ တပ်ခွဲစခန်းတခုကို စစ်ကောင်စီ စစ်ကြောင်းရဲ့ ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးတာခံခဲ့ရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013