
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာ စစ်တပ်က BOC စက်သုံးဆီအရောင်းဆိုင်မှာ တန်းစီ ဆီဝယ်နေတဲ့ လိုင်စင်မဲ့ယာဉ်တွေနဲ့ ဆိုင်ကယ်တွေကို စောင့်ဖမ်းနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဆီတန်းရင်း ထွက်ပြေးလာသူ အမျိုးသမီးတယောက်က “လိုင်စင်မဲ့ ယာဥ်တွေကို ၇ ရက်နေ့က စဖမ်းတာ၊ ဆိုင်ကယ်တွေပစ်ပြီး ကိုယ်လွတ်ရုန်းပြေးကြလို့ အလဲအကွဲတွေနဲ့ ဒဏ်ရာရသူတွေလည်း ရှိတယ်။ ဘယ်နှစီး အဖမ်းခံရလည်းတော့ အတိအကျတော့ မသိဘူး။ များတော့ များတယ် လူက ၂၀ ကျော်တယ်။ ကားတော့မသိဘူး၊ ဆိုင်ကယ်ကတော့ အစီး ၃၀ ကျော်၊ ၅၀ လောက်ရှိမယ်၊ လူထက်ဆိုင်ကယ်က ပိုများတယ်" လို့ ပြောပါတယ်။
BOC စက်သုံးဆီ အရောင်းဆိုင်တွေကလည်း လိုင်စင်မဲ့ယာဥ်တွေနဲ့ ဆိုင်ကယ်တွေကို စက်သုံးဆီ မရောင်းချပေးတော့တာကြောင့် ပြင်ပ စက်သုံးဆီစျေးမှာ ဓာတ်ဆီတလီတာကို ၇,၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ်၊ ဒီဇယ်တဂါလန်ကို ၂၄,၀၀၀ ကျပ်မှ ၂၆,၀၀၀ ကျပ်ထိ ရှိနေတယ်လို့ သိရပါတယ်။
မြို့ခံတယောက်က “စစ်တပ်က လိုင်စင်မဲ့တန်းစီ ဆီဝယ်သူတွေကို ဖမ်း၊ BOC ကလည်း လိုင်စင်မဲ့တွေကို မရောင်းတော့လို့ လိုင်စင်ရှိတဲ့ယာဥ်တွေ လုပ်စားခွင့် ပိုရသွားတာ။ သူတို့က ဓာတ်ဆီ တလီတာကို ၃,၅၀၀ နဲ့ထုတ်ပြီး အပြင်မှာ ၇,၀၀၀ နဲ့ ပြန်ရောင်း၊ အဲဒီကတဆင့် ယူတဲ့သူတွေက ၉,၀၀၀ ကနေ ၁၂,၀၀၀ ထိ ပြန်ရောင်းနေကြလို့ စစ်တပ်ရဲ့လုပ်ရပ်က ဆီမှောင်ခိုဈေးကွက်ကို ကြီးထွားအောင် လုပ်သလို ဖြစ်နေတယ်” လို့ ပြောပါတယ်။
လက်ရှိ ရွှေဘိုမြို့ BOC စက်သုံးဆီစျေးနှုန်းမှာ ဓာတ်ဆီ ၉၂ တလီတာ ၃,၅၀၀ ကျပ်၊ ၉၅ တလီတာ ၃,၈၀၀ ကျပ်၊ ဒီဇယ် တလီတာ ၄,၀၀၀ ကျပ်နဲ့ လိုင်စင်ရှိဆိုင်ကယ်တွေကို မနက် ၆ နာရီမှ ၇ နာရီထိသာ ရောင်းချပေးပြီး လိုင်စင်ရှိကားတွေကိုတော့ မနက် ၆ နာရီမှ ညနေ ၆ နာရီထိ အချိန်အကန့်အသတ်နဲ့ ဆိုင်ကယ်တစီးကို တလီတာကျော် ၅,၀၀၀ ဖိုး၊ ကားအသေးတစီးကို ၃၀,၀၀၀ ကျပ်နဲ့ ကားအကြီးတစီးကို ၅၀,၀၀၀ ဖိုးထိ ရောင်းပေးတယ်လို့ သိရပါတယ်။
ရွှေဘိုမြို့မှာ ကုန်ဈေးနှုန်းလည်း မြင့်တက်နေပြီး စားသုံးဆီ တပိဿာကို ၄,၀၀၀ ကျပ်မှ ၅,၀၀၀ အထိရှိပြီး ၅,၀၀၀ တန် ပစ္စည်းတခုက ၇,၀၀၀ ကျပ်ထိ မြင့်တက်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
Photo : DVB


