Home
မြန်မာသတင်း
မြစ်ကြီးနားမြို့အနီး၌ တိုက်ပွဲဖြစ်
DVB
·
March 12, 2026
Photo: AHL

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့အနီးက အကျဲရွာမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်တွေ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မတ် ၁၁ ရက် မနေ့ညနေပိုင်းက အကျဲရွာ လက်ဝါးကပ်တိုင်ကုန်းမှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပြီးနောက်မှာ စစ်ကောင်စီတပ်ဘက်က ဗိုလ်မှူးတယောက် သေဆုံးပြီး အထိနာတာကြောင့် တပ်ပြန်ဆုတ်သွားတာလို့ ဆိုပါတယ်။

KIA စစ်ရေးသတင်းအရင်းအမြစ်က “အကျဲရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ တိုက်ပွဲဖြစ်တာ၊ ရန်သူအထိနာပြီး နောက်ဆုတ်သွားတယ်။ ဒီနေ့တော့ တိုက်ပွဲငြိမ်နေတယ်” လို့ DVB ကို ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်တဲ့နေရာဟာ မြစ်ကြီးနား-မန္တလေးသွား ကားလမ်းပေါ်မှာရှိပြီး မြစ်ကြီးနားမြို့နဲ့ ၁၂ မိုင်ဝန်းကျင် ဝေးတယ်လို့ သိရပါတယ်။

ဒေသခံတယောက်က “မနေ့ညနေက အဲဒီနားမှာ လက်နက်ကြီးသံတွေ၊ လက်နက်ငယ်သံတွေ ကြားရတယ်။ ဒီနေ့မနက်ကတော့ ဘာမှမဖြစ်တော့ဘူး။ ဒေသခံတွေကတော့ တိမ်းရှောင်တာ မလုပ်ဘူး” လို့ ပြောပါတယ်။

မြစ်ကြီးနားမြို့က လေဆိပ် ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ မကြာခဏဆိုသလို မြစ်ကြီးနားမြို့အနီးမှာ တိုက်ပွဲတွေ ဖြစ်လာတာဖြစ်ပြီး ဝိုင်းမော်ဘက်ခြမ်းမှာလည်း တိုက်ပွဲတွေဖြစ်တာ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့လကလည်း KIA ထိန်းချုပ်ထားတဲ့ ဗန်းမော်၊ မိုးမောက်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့တွေကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ခဲ့လို့ အရပ်သားတွေ ထိခိုက်သေဆုံးခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013