
ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်မှာ စစ်တပ်က ဖမ်းဆီးထားတဲ့ ပြည်သူ ၃၀၀ ကျော်ကို KNLA ပူးပေါင်းစစ်ကြောင်းတွေက အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ပြန်လည်ကယ်ထုတ်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသူတွေဟာ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်က ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စုအတွင်းကို ခမရ-၂၀၊ ခလရ-၂၆၄၊ ခမရ-၄၃၉ ပူးပေါင်းစစ်ကြောင်းတွေ စစ်ကြောင်းထိုးဝင်ရောက်ပြီး ဒေသခံပြည်သူ ၃၀၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။
ဒါကြောင့် စစ်တပ်စစ်ကြောင်းက ဓားစာခံဖမ်းဆီးထားတဲ့ ဒေသခံပြည်သူတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပူးပေါင်းတပ်ဖွဲ့တွေက မတ် ၁၀ ရက်မှာ ပြည်သူကို ကယ်ထုတ်တဲ့ အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ပြန်လည်ကယ်ထုတ်နိုင်ခဲ့တယ်လို့ တော်ဝင်ဒေါင်းစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
လက်ရှိမှာ ပြန်လည်လွတ်မြောက်လာသူတွေဟာ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တယ်ဆိုတဲ့ စိုးရိမ်ကြောက်လန့်စိတ်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတွေက ပြောပါတယ်။
စစ်ရှောင်အရေး ကူညီပေးသူတယောက်က “သူတို့(ပြန်လည်လွတ်မြောက်လာသူတွေ)ကတော့ ဒီအချိန်က အထူးသဖြင့်တော့ အချိန်မရွေး အန္တရာယ်ကျရောက်နိုင်တယ်ဆိုတဲ့ စိုးရိမ်ကြောက်လန့်စိတ်ကလည်း ရှိတယ်။ ကာယပိုင်း စိတ်ပိုင်း သူတို့မှာ လုံခြုံတဲ့နေရာ ဘယ်သူမှ မရှိဘူးလို့ ပြောလို့ရတယ်။ အဲဒီနေရာက သူတို့(စစ်တပ်)ဘက်က ပြန်ပြီးတော့ တန်ပြန် လုပ်တဲ့ဟာတွေလည်း ရှိမယ်။ ပြီးတော့ ဒီဘက်ကလည်း အင်အားသုံးပြီး ပြန်လာမယ်။ Battle တွေက နဂိုတည်းက ရှိပြီးသားလေ။ အခုက နယ်မြေစိုးမိုးမှု ပြန်လုပ်နေတဲ့ကာလ ရွာကနေ ရှောင်နိုင်တဲ့လူတွေကတော့ မြို့ပေါ်မှာတော့ အဆင်ပြေနိုင်တယ် ဆိုပေမဲ့ ရှောင်နိုင်ဖို့ အင်အားမရှိတဲ့သူတွေအတွက်ကတော့ နည်းလမ်းရှာထားပဲ။ ဘယ်နေ့ဖြစ်မလဲ၊ ဘယ်လ ဖြစ်မလဲ ဆိုတဲ့ဟာက သူတို့အတွက် စိတ်မသက်သာစရာတွေပဲ ဖြစ်နေတယ်” လို့ ပြောပါတယ်။
စစ်တပ်ရဲ့ ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူတွေကို အထူးစစ်ဆင်ရေးတရပ်အနေနဲ့ ပြန်လည်ကယ်ထုတ်ချိန် နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့ပြီး KNLA ပူးပေါင်းတပ်ဘက်က ရဲဘော် ၁၁ ယောက် ကျဆုံးခဲ့တဲ့အပြင် ၇ ယောက် ပြင်းထန်ဒဏ်ရာ ရခဲ့ပါတယ်။ ဒါ့အပြင် စစ်တပ်ဘက်က ၁၀ ယောက် သေဆုံးပြီး ၂၀ ထက်မနည်း ပြင်းထန်ဒဏ်ရာ ရရှိခဲ့ပါတယ်။
ကရင်စစ်ရေးလေ့လာသူတယောက်က “ပြည်သူတွေကို ဒီလိုမျိုး ကြောက်သွားအောင် ဒါလုပ်တာက အခုမှမဟုတ်ဘူး။ လွန်ခဲ့တဲ့ ကျနော်တို့ အဖေတွေ အဘိုးတွေ ခေတ်ကတည်းက မအလက ဒီစနစ်ကိုပဲ သုံးလာတာ။ ကြွက်မနိုင် ကျီမီးရှို့။ ဒီ EAO ERO လက်နက်ကိုင်အဖွဲ့တွေရဲ့ နယ်မြေမှာ သူတို့စိုးမိုးလို့ မရတော့ဘူးဆိုရင် ယခင်က ဖြတ်လေးဖြတ်။ အခုကတော့ ဖြတ်လေးဖြတ် မကတော့ဘူး သူတို့ ကျင့်သုံးနေတယ်။ မူဝါဒတွေက ယခင်ကထက် ပိုဆိုးတယ်။ နောက် ပြည်သူတွေနဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ကြားမှာ စည်းလုံးညီညွတ်မှု ပြိုကွဲအောင်၊ ပြည်သူလူထုတွေ ထောက်ပံ့မှုတခုခု မလုပ်ရဲအောင် ပြည်သူတွေကို ခြိမ်းခြောက်တဲ့နည်း အကြမ်းဖက်တဲ့နည်းလို့ ကျနော်ကတော့ ပြောချင်တယ်” လို့ ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ ဒေသခံပြည်သူ ၃၀၀ ကျော်ကို ကယ်ထုတ်တာ၊ ဖမ်းဆီးခံရချိန် သတ်ဖြတ်ခံရတာတွေနဲ့ ပတ်သက်ပြီး KNLA ပူးပေါင်းတပ်ဖွဲ့ တာဝန်ရှိသူတွေကို DVB က ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်လည်ဖြေဆိုတာ မရှိပါဘူး။
မတ် ၇ ရက်က ကျောက်ကြီးမြို့နယ်၊ ရေတွင်းကုန်းကျေးရွာအုပ်စု အတွင်းကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့အတွက် KNLA ပူးပေါင်းစစ်ကြောင်းတွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်တပ်က ဒရုန်း၊ ဂျက်ဖိုက်တာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဖမ်းဆီးခံထားရတဲ့ ပြည်သူ ၂၅ ယောက် ထိခိုက်သေဆုံးခဲ့တဲ့အပြင် ပြည်သူ ၅ ယောက်ကို စစ်တပ်က ထပ်မံသတ်ဖြတ်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်ပါတယ်။
အောင်ခန့်


