
အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်က စစ်သုံ့ပန်းတွေ ထားတဲ့အကျဉ်းထောင်ကို စစ်ကောင်စီတပ်က မတ် ၈ ရက်က ဗုံးကြဲခဲ့တဲ့အတွက် ဗိုလ်မှူးချုပ်မြင့်ရွှေနဲ့ တခြားအရာရှိ စစ်သုံ့ပန်းတွေ သေဆုံးခဲ့ရတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် ဒုတိုင်းမှူး ဗိုလ်မှူးချုပ်သောင်းထွန်းက ပြောပါတယ်။
ရခိုင်ဒေသတွင်းမီဒီယာတွေနဲ့ အင်တာဗျူးမှာ ဗုံးကြဲတာကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ စစ်သုံ့ပန်း ဗိုလ်မှူးချုပ်သောင်းထွန်းက ပြောပြတာဖြစ်ပါတယ်။
သေဆုံးသူတွေထဲမှာ ဗိုလ်မှူးချုပ်မြင့်ရွှေအပြင် ဗိုလ်မှူးအဆင့်တွေနဲ့ စစ်သုံ့ပန်းဆရာဝန်တွေလည်း ပါတယ်လို့ သူကပြောပါတယ်။
ဒါအပြင် စစ်တပ်က အကျဉ်းထောင်မှန်းမသိဘဲ ဗုံးကြဲတာမဟုတ်ဘဲ မတ် ၆ ရက်ကတည်းက ကင်းထောက်နေတာဖြစ်တဲ့အတွက် အကျဉ်းထောင်မှန်း သိလျက်နဲ့ ဗုံးကြဲချခဲ့တာလို့ သူက ဆက်ပြောပါတယ်။
အမ်းမြို့နယ် ဒါးလက်ချောင်း မတ် ၈ ရက်မှာ စစ်တပ်က ဗုံးကြဲခဲ့တဲ့အတွက် စစ်သုံ့ပန်း ၁၁၆ ယောက်သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ အာရက္ခတပ်တော် (AA) က မတ် ၁၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။


