Home
မြန်မာသတင်း
တရက် ၁ ကြိမ် အကန့်အသတ်ဖြင့် ဆီရောင်းပေးသည့်စနစ် ပြည်သူများအတွက် အခက်အခဲရှိနိုင်
DVB
·
March 12, 2026
Photo: DVB

QR Code နဲ့ တရက်တကြိမ်သာ စက်သုံးဆီဝယ်ယူခွင့်ရမှာ ဖြစ်သလို ဝယ်ယူခွင့်ပမာဏကိုပါ ကန့်သတ်လိုက်တဲ့အပေါ် အခက်အခဲတွေ ရင်ဆိုင်ရနိုင်ကြောင်း ပြည်သူတွေကြားမှာ ပြောဆိုနေကြပါတယ်။

စက်သုံးဆီ မပြတ်လပ်စေဖို့နဲ့ အမှန်တကယ် လိုအပ်သူတွေ ဝယ်ယူရရှိနိုင်စေဖို့ ရည်ရွယ်ပြီး ဆီအရောင်းဆိုင်တွေမှာ တရက်ကို တကြိမ် Application အသုံးပြု ဝယ်ယူခွင့်ရမဲ့စနစ်ကို အသုံးပြုကြဖို့  စစ်ကောင်စီ စွမ်းအင်ဝန်ကြီးဌာနက မတ် ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီစနစ်က စုံရက်နဲ့ မရက် ခွဲခြားပြီး ကားတွေ မောင်းနှင်ရတာကြောင့် အဆင်မပြေနေတဲ့ လူထုကို အလုပ်ပိုစေသလို အခက်အခဲနဲ့ အဆင်မပြေမှုတွေ ရှိနိုင်ကြောင်း ပြည်သူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

ဒီစနစ်မှာ ယာဉ်ပိုင်ရှင်တွေဘက်က မှတ်ပုံတင်ဖို့ လိုအပ်မှာမဟုတ်ဘဲ ဆီအရောင်းဆိုင်တွေဘက်က Application နဲ့သာ အလိုအလျောက် စစ်ဆေးပြီး စိစစ်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။

မော်တော်ယာဉ်တွေအတွက် Wheel Tax (ဘီးခွန်) က ဘားကုတ်နဲ့ မော်တော်ဆိုင်ကယ်တွေမှာဆို  Wheel Tax အချက်အလက်တွေကို စက်သုံးဆီ အရောင်းဆိုင်ဝန်ထမ်းကို ပေးပြီး ဝန်ထမ်းဘက်က QR Code ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ QR code ကို ဆီဆိုင်ဝန်ထမ်းက စကန်ဖတ်ပြီး တရက်အတွင်း တကြိမ်သာ ဝယ်ယူခွင့်ရမှာပါ။

ကိုယ်ပိုင်ယာဉ်မောင်းသူတယောက်က “အခုပြဿနာက သူတို့တွေက ပြောင်းချင်တိုင်းတွေ လျှောက်ပြောင်းတယ်၊ ပြီးတော့ Application မှာက ဘားကုတ်စကန်ဖတ်တာပဲ ပါတယ်။ ကျနော့်ကားမှာဆို wheel tax က ဘားကုတ်နေရာ ပျက်နေတယ်။ ပျက်နေတာကလည်း သူတို့ ပလတ်စတစ်လောင်းတဲ့ နေရာက အပေါစားပုံစံနဲ့ လောင်းထားတော့ အဲဒီစကန်က ပျက်သွားတယ်။ ဒါပေမဲ့ သူတို့ Application မှာက ဘားကုတ်ဖတ်တဲ့စာပဲ ပါတယ်၊ manual ရိုက်ထည့်လို့ ရတဲ့ဟာ မပါဘူး။ မပါတော့ ကျနော့်မှာ ဆီအကြာကြီးတန်းစီပြီးတော့ ထိပ်ရောက်တော့မှ ဘားကုတ်ဖတ်မရလို့ဆိုပြီး ကျနော့်ကို မထည့်ပေးဘူး ဖြစ်ရော။ ကျနော်တို့က မြို့ထဲပဲ သုံးရမလို ဖြစ်နေတယ်၊ ခရီးသွားလို့ မရဘူးပေါ့။ နယ်တွေသွားမယ်ဆို ၅၀,၀၀၀ ဖိုးနဲ့ ဘယ်လောက်မလဲ။ ၅၀,၀၀၀ ဖိုးကုန်ရင် ရပ်ထား၊ အဲဒီနေရာမှာအိပ်၊ နောက်ရက် စုံဆို မရက်မှာ အိပ်၊ မဆို စုံမှာအိပ်ရမယ်။ ပြီးရင် ကိုယ့်ရက်ကျမှ တခါ ၅၀,၀၀၀ ဖိုးထည့်ပြီး ခရီးဆက်၊ အဆင်မပြေဘူးဗျာ၊ ကျနော်တို့လို ဆီကားသမားတွေအတွက်က” လို့ ပြောပါတယ်။

အဲဒီ QR code ကို ဓာတ်ပုံရိုက်ယူထားတာ ဒါမှမဟုတ် ပရင့်ထုတ်ပြီး သိမ်းထားဖို့ လိုအပ်ပါတယ်။ စက်သုံးဆီ ဝယ်ယူတဲ့အကြိမ်တိုင်း အဲဒီ QR code နဲ့သာ ပြသဝယ်ယူနိုင်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဓာတ်ဆီခွဲတမ်းအနေနဲ့ ဆိုင်ကယ်ဆို ၂ လီတာ၊  သုံးဘီး/အိုးဝေဆို ၄ လီတာ၊ အိမ်စီးကားဆို ၁၂ လီတာ၊ ဒီဇယ်ဆီကတော့ အိမ်စီးကားနဲ့ Light Truck ဆို  လီတာ ၂၀ နဲ့  ခရီးသည်တင်/ကုန်တင်ကားတွေကိုတော့ လီတာ ၅၀ ပဲ ပေးဖြည့်တော့မှာဖြစ်သလို တရက်ခြား တခါပဲ ဆီဖြည့်ခွင့်ရမှာဖြစ်လို့ ခရီးဝေး သွားလာရေးမှာ စိတ်ပူနေကြပါတယ်။

ကိုယ်ပိုင်ယာဉ်မောင်းသူတယောက်က “တခုတော့ သဘောကျတယ်၊ သဘောကျတယ် ဆိုတာက ညီမတို့ wheel tax နဲ့ ထုတ်ရတာ ဖြစ်တဲ့အတွက် လိုင်စင်မဲ့ကားတွေ၊ လိုင်စင်မဲ့ယာဉ်တွေ အဲဒါက အကျုံးမဝင်တော့ဘူးပေါ့။ တရားဝင် ဖြစ်သွားတဲ့နည်းကိုတော့ သဘောကျပါတယ်။ နောက်တခုကတော့ တရက်မှာ ဆီ ၁၂ လီတာပဲ သုံးရမယ် ဆိုတာကျတော့ ပုံမှန်အိမ်စီးကားတွေ တရက်သွားဖို့ လုံလောက်ပေမဲ့ ဟိုင်းဝေးပေါ့၊ ခရီးဝေးသွားတဲ့အချိန်မှာလည်း အကျုံးဝင်တာဆိုတော့ တကယ်လို့ တနိုင်ငံလုံး အနေအထားနဲ့ ဖြစ်သွားရင် ဟိုင်းဝေးသွားတဲ့အချိန်မှာ တနေ့ကို တကြိမ်ပဲ ထည့်ရမယ်ဆို အဆင်မပြေပါဘူး။ အဲဒီအတွက် ဟိုင်းဝေးသွားမဲ့ကားတွေကို ဘယ်လိုစီမံပေးမလဲဆိုတာ သိချင်ပါတယ်” လို့ ပြောပါတယ်။

ပထမဆုံး နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ တောင်ကြီးမြို့တွေမှာသာ မတ် ၁၂ ရက်ကစပြီး  Application နဲ့ အလိုအလျောက်စစ်ဆေးတဲ့ နည်းလမ်းကို စမ်းသပ်အသုံးပြုသွားမှာဖြစ်ပြီး တခြားမြို့တွေမှာတော့ ဆက်လက်အသုံးပြုသွားမှာ ဖြစ်ကြောင်းလည်း သိရပါတယ်။

တဖက်မှာ တရားမဝင်ယာဉ်တွေကို ကန့်သတ်လိုက်တာကြောင့် စက်သုံးဆီ မှောင်ခိုဈေးကွက်က ကြီးထွားလာနိုင်ကြောင်းလည်း ပြည်သူတွေက ထောက်ပြ ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ မတ် ၃ ရက်တုန်းကလည်း ကားနံပါတ်တွေကို စုံနဲ့ မ ခွဲကာ “စုံ” ကားတွေက စုံရက်မှာ ထွက်ရမှာဖြစ်ပြီး “မ” ကားတွေကတော့ မ ရက်မှာသာ မောင်းနှင်ခွင့်ရမှာဖြစ်ကြောင်း ကြေညာခဲ့ပါသေးတယ်။

မတ် ၄ ရက်မှာတော့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက မြန်မာနိုင်ငံမှာ အရန်စက်သုံးဆီ ရက် ၄၀ စာရှိပြီး ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားပေမဲ့ စက်သုံးဆီမချရသေးတဲ့ စက်သုံးဆီတင်သင်္ဘော ၂ စင်းနဲ့ ဝယ်ယူထားပြီး လမ်းမှာလာနေတဲ့ စက်သုံးဆီတင်သင်္ဘော ၁၄ စင်းလည်း ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ စက်သုံးဆီ မလုံလောက်တာ မဟုတ်ဘဲ ဓာတ်ဆီဂါလံသန်း ၆၀ နဲ့  ဒီဇယ်ဆီ ဂါလံသန်း ၇၀ နီးပါးကို စုပုံထားပြီးဖြစ်ကြောင်းလည်း ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

ဝေဝေ

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013