
ရန်ကုန်မှာ မတ် ၁၂ ရက် ဒီနေ့မွန်းလွဲပိုင်းက မိုးရွာပြီး မိုးသီးလည်း ကြွေခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မွန်းလွဲ ၃ နာရီလောက်က မိုးရွာခဲ့တာဖြစ်ပြီး လှိုင်သာယာမြို့နယ်မှာတော့ မိုးနဲ့အတူ မိုးသီးလည်း ကြွေကျခဲ့တာပါ။
မနေ့ကလည်း စစ်ကိုင်းတိုင်းက မုံရွာ၊ ဧရာဝတီတိုင်းက မြန်အောင်၊ ရှမ်းပြည်နယ်က ပင်လုံ၊ ပဲခူးတိုင်းက ပေါင်းတည် စတဲ့ မြို့တွေမှာ မိုးသီးကြွေခဲ့ပါသေးတယ်။
မိုးလေဝသဌာနကတော့ စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်း၊ အရှေ့ပိုင်းတို့မှာ မိုးတိမ်တောင်တွေဖြစ်နေပြီး အဲဒီ မိုးတိမ်တောင်တွေ ရွေ့လျားရာ နေရာတလျှောက်မှာ မိုးရွာလေပြင်းတိုက်ခတ်တာ၊ မိုးထစ်ချုန်းတာ၊ မိုးကြိုးပစ်တာ၊ လျှပ်စီးလက်တာနဲ့ မိုးသီးကြွေတာ စတဲ့ မိုးလေဝသဖြစ်စဉ်တွေ ဖြစ်နိုင်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒီမနက်ပိုင်းကလည်း ချင်းပြည်နယ်၊ ဧရာဝတီတိုင်းနဲ့ မကွေးတိုင်းတို့ကလွဲလို့ ကျန် ပြည်နယ်နဲ့ တိုင်းတွေမှာ မိုးရွာခဲ့ပြီး မနေ့ကတော့ မြိတ်မြို့မှာ ၂ ဒသမ ၀၉ လက်မ၊ ရေးမြို့မှာ ၁ ဒသမ ၇၇ လက်မ၊ ချောင်းဆုံမြို့တွင် ၁ ဒသမ ၁၈ လက်မအထိ ရွာခဲ့တာပါ။
မနက်ဖြန်မှာလည်း တနိုင်ငံလုံးမှာ မိုးရွာနိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားပါတယ်။
Video : ဒေသခံ


