
ရန်ကုန်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်၊ အမှတ် ၁၂ ရပ်ကွက်၊ ပုဂံလမ်း ၁၂ စျေးအနီးမှာ မတ် ၉ ရက် ည ၁၀ နာရီခွဲက ရန်ပွဲကို ဖျန်ဖြေတဲ့ ရဲ ၄ ယောက်ကို ကားနဲ့တိုက်ကာ သံတုတ်နဲ့ ရိုက်ခဲ့တဲ့ စသုံးလုံး ဒုစုံစမ်းရေးမှူးနဲ့ မိသားစုဝင် ၂ ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
မတ် ၉ ရက် ည ၁၀ နာရီခွဲက စသုံးလုံးအဖွဲ့က ဒုစုံစမ်းရေးမှူး မိသားစုနဲ့ ရပ်ကွက်နေသူတို့ ရန်ဖြစ်ခဲ့ရာ ရပ်ကွက်က အကြောင်းကြားလို့ သွားရောက်ဖြေရှင်းပေးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို စသုံးလုံးအဖွဲ့ ဒုစုံစမ်းရေးမှူးနဲ့ မိသားစုဝင် ၄ ယောက်က ကားနဲ့တိုက်ပြီး သံတုတ်နဲ့ ရိုက်နှက်ခဲ့တာလို့ ရပ်ကွက်နေသူတယောက်က DVB ကို ပြောပါတယ်။
“ညဘက်ကြီးဖြစ်တော့ ရဲတွေအရိုက်ခံရတဲ့သတင်းပဲ ကြားတာ၊ ရဲ ၂ ယောက်သေမှ ရိုက်တဲ့သူတွေက စသုံးလုံးက ဒုစုံစမ်းရေးမှူးနဲ့ သူ့မိသားစုရိုက်တာလို့ သိရတယ်။ ရပ်ကွက်ထဲကသူတွေလည်း ဒဏ်ရာရတယ်။ ရိုက်တဲ့ စသုံးလုံးမိသားစုက ဒီရပ်ကွက်က မဟုတ်ဘူး၊ ၁၄ ရပ်ကွက်က။”
အခင်းဖြစ်တဲ့အချိန်မှာ စသုံးလုံးက ဒုစုံစမ်းစစ်ဆေးရေးမှူး အေးမင်းဟာ အရက်မူးနေပြီး ရဲတွေ ရန်ပွဲသွားရောက်ဖျန်ဖြေရာမှာ ဆဲဆိုပြီး ဒဏ်ရာရသူတွေ ဆေးစာသွားယူပေးချိန် အနောက်ကလိုက်လာပြီး ကားနဲ့တိုက်ကာ သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“အစပိုင်းက သူ့ညီနဲ့ ၁၂ ရပ်ကွက်ထဲက ကလေးတွေနဲ့ ရန်ဖြစ်တာ။ သူ့ညီ ရိုက်ထားတာ ရပ်ကွက်ထဲက ဒဏ်ရာရတယ်။ လှည့်ကင်းလှည့်တဲ့ ရဲတွေက ဖျန်ဖြေနေတုန်း သူ့ညီက သူ့အဖေနဲ့ သူ့အစ်ကို စသုံးလုံးက အရာရှိကို ဖုန်းဆက်ခေါ်လိုက်တယ်။ ရဲတွေက ဒဏ်ရာရတဲ့သူတွေကို ဆေးစာသွားယူဖို့ လိုက်ပို့တဲ့အချိန် နောက်ကလိုက်လာပြီး သားအဖ ၃ ယောက် ကားနဲ့တိုက်၊ သံတုတ်တွေနဲ့ ဝိုင်းရိုက်တာ ရဲ ၄ ယောက်လုံး မြောက်ဥက္ကလာဆေးရုံတင်လိုက်ရတယ်။”
မြောက်ဥက္ကလာပဆေးရုံကို တင်လိုက်ရတဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်အနက် ဒုတပ်ကြပ်တယောက်နဲ့ ရဲတပ်သားတယောက်မှာ မတ် ၁၀ ရက် မနက်က သေဆုံးသွားပြီး ကျန် ၂ ယောက် အရေးပေါ်ဆေးကုသမှု ခံယူနေရတယ်လို့ သတင်းအရင်းအမြစ်တွေက ပြောပါတယ်။
DVB က စုံစမ်းရရှိတဲ့ သတင်းတွေအရ စသုံးလုံးက အရာရှိ ဦးအေးမင်း၊ ဖခင်ဖြစ်သူ ဦးကြင်ခရမ်း၊ ညီဖြစ်သူ မြတ်ကိုကို တို့ကို ရွှေပေါက်ကံမြို့သစ်၊ ၁၄ ရပ်ကွက်၊ ကုန်းဘောင် ၂ လမ်းက နေအိမ်မှာ မတ် ၁၀ ရက် နေ့လယ်က စစ်ကောင်စီ လက်အောက်ခံ ရဲတွေက ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
လတ်တလောမှာ စသုံးလုံးက အရာရှိ ဦးအေးမင်း၊ ဖခင်ဖြစ်သူ ဦးကြင်ခရမ်း၊ ညီဖြစ်သူ မြတ်ကိုကို တို့ကို ရွှေပေါက်ကံနယ်မြေရဲစခန်းက (ပ) ၇၁/၂၀၂၆ ပုဒ်မ ၃၀၂၊ ပုဒ်မ ၃၅၃ နဲ့ အမှုဖွင့်လှစ် အရေးယူထားတယ်လို့ သိရပါတယ်။


