
ရန်ကုန်တိုင်းမှာ အိမ်စီးကားတွေ စုံ/မရက်နဲ့ အသုံးပြုစေတဲ့အပြင် စက်သုံးဆီကိုလည်း အလားတူရောင်းချဖို့ စီမံထားတယ်လို့ ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။
အဲဒီဌာနရဲ့ ရှေ့ဆက်ဆောင်ရွက်မဲ့အစီအမံထဲမှာ ကားအသုံးပြုခွင့် သတ်မှတ်ချက်အတိုင်း စက်သုံးဆီကိုလည်း စုံ/မရက် စနစ်နဲ့ ရောင်းချသွားမယ်လို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ ရန်ကုန်မြို့က စက်သုံးဆီအရောင်းဆိုင်တွေမှာ လက်ရှိအချိန်အထိ ကားတွေကို စုံ/မခွဲပြီး ရောင်းချတာ မရှိသေးသလို တရားဝင်ညွန်ကြားထားလည်း မရှိဘူးလို့ အဲဒီလုပ်ငန်းအသိုက်အဝန်းဆီက သိရပါတယ်။
Max စက်သုံးဆီ အရောင်းဆိုင်တာဝန်ခံတယောက်က “ဆီရှိရင် ရှိသလို ရောင်းပေးတာပဲ။ တခြားသတ်မှတ်ချက် မရှိပါဘူး” လို့ ပြောပါတယ်။
ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန ရဲ့စက်သုံးဆီရောင်းချတာနဲ့ ပတ်သက်တဲ့ အစီအမံထဲမှာ အများပြည်သူ သယ်ယူပို့ဆောင်ရေး မော်တော်ယာဉ်၊ အငှားယာဉ် (Taxi)၊ စက်သုံးဆီ သယ်ယူပို့ဆောင်ရေးယာဉ်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးယာဉ်၊ ကုန်စည် ပို့ဆောင်ရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ် နဲ့ စည်ပင်သာယာရေး အမှိုက်သိမ်းယာဉ်တွေကို နေ့တိုင်း ဆီဝယ်ခွင့်ရမယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကြို/ပို့ယာဉ်၊ ရုံးလုပ်ငန်းသုံးယာဉ်နဲ့ ကုန်စည်ဖြန့်ဖြူးရေးအတွက် အသုံးပြုတဲ့ ယာဉ်တွေကို သက်ဆိုင်ရာ အထောက်အထား၊ ထောက်ခံချက်တွေအပေါ် အခြေခံစိစစ်ပြီး စက်သုံးဆီရောင်းချပေးသွားမယ်လို့ ဆိုပါတယ်။
စက်သုံးဆီအရောင်းဆိုင်တွေအနေ နဲ့ သတ်မှတ်ထားတဲ့ ဈေးနှုန်းအတိုင်းပဲ ရောင်းချရမှာဖြစ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချတာ၊ ပုံး ပေပါတွေနဲ့ ရောင်းချတာ မလုပ်ဖို့၊ အခြားလုပ်ငန်းသုံးအတွက် ရောင်းချရင် သက်ဆိုင်ရာ အလုပ်ဌာနနဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးတို့ရဲ့ စီစစ်ထောက်ခံချက်ရှိမှ ရောင်းချပေးရမယ်လို့ အသိပေးထားပါတယ်။
စစ်ကောင်စီရဲ့ စွမ်းအင်ဝန်ကြီးဌာနက စက်သုံးဆီကို ပုံမှန်ရောင်းချပေးနိုင်ပြီး မရောင်းပေးတဲ့ ဆိုင်ရှိရင် တိုင်ကြားဖို့နဲ့ ဆိုင်ကိုပိတ်သိမ်းအရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
Photo - DVB


