
မြောက်ဥက္ကလာပမြို့နယ် ရွှေပေါက်ကံမြို့သစ် ၁၂ ရပ်ကွက် ပုဂံလမ်းမကြီးမှာ မတ် ၉ ရက် ည ၁၀ နာရီခွဲက အုပ်စုလိုက် ရန်ပွဲအား ဝင်ရောက်ဖျန်ဖြေတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲ ၄ ယောက် ကား နဲ့ တိုက်ခံရပြီး ရဲ ၂ ယောက် သေဆုံးကာ ၂ ယောက် ဒဏ်ရာရခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
“ညအချိန်မတော်ကြီး အုပ်စုလိုက် ဓားတွေ၊ တုတ်တွေနဲ့ ရန်ဖြစ်နေလို့ ရပ်ကွက်က ရဲစခန်းကို အကြောင်းကြားလိုက်တာ။ ရဲတွေလာပြီး ရန်ဖြစ်တဲ့အဖွဲ့ထဲက လူတွေကို ဆေးခန်းပို့၊ ရဲစခန်းသွားဖို့ ပြောနေတုန်း ရန်ဖြစ်တဲ့အဖွဲ့ကပဲ ကားသမားက ရဲ ၄ ယောက်လုံးကို ကားနဲ့ဝင်တိုက်တာ ဆေးရုံပို့လိုက်ရတယ်။”
ကားတိုက်ခံရတာကြောင့် ဒဏ်ရာရရှိခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို မြောက်ဥက္ကလာမြို့နယ် ဆေးရုံကို ပိုဆောင်ခဲ့ရာ ဒီကနေ့ မနက်မှာ ရဲတပ်ဖွဲ့ဝင် ၂ ယောက် သေဆုံးသွားတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတယောက်က DVB ကို ပြောပါတယ်။
“ကားတိုက်ခံရတဲ့ ရဲ ၄ ယောက်ကို ညတွင်းချင်း မြောက်ဥက္ကလာဆေးရုံကို ပို့တာ၊ ၄ ယောက်စလုံးက ဒဏ်ရာအတော်လေးပြင်းထန်တယ်။ ဒီနေ့ မနက် ၂ ယောက် သေသွားတယ်၊ ၂ ယောက်က အရေးပေါ်ကုသဆောင်ကို ပို့ထားရတယ်။”
တပ်သားတယောက်နဲ့ ဒုတပ်ကြပ်တယောက် သေဆုံးသွားပြီး ရဲတပ်ကြပ်တယောက်နဲ့ တပ်သားတယောက်ကတော့ အရေးပေါ်ကုသဆောင်မှာ ဆက်လက်ဆေးကုသမှု ခံယူနေတယ်လို့ ဆိုပါတယ်။
ယာဥ်တိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရခဲ့တာနဲ့ပတ်သက်ပြီး မတ် ၉ ရက်ညမှာပဲ ရန်ဖြစ်သူအချို့ကို ရွှေပေါက်ကံနယ်မြေရဲစခန်းက ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
Photo - DVB


