
ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး နိုဝင်ဘာ ၁၉ ရက် ည ၁၀ နာရီလောက်မှာ မိုင်း၊ လက်ပစ်ဗုံးတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရလို့ အုပ်ချုပ်ရေးအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာတွေ ရရှိသွားတယ်လို့ ရွှေပေါက်ကံရပ်ကွက် နေထိုင်သူတွေဆီက သိရပါတယ်။
စစ်ကောင်စီကပြုလုပ်တဲ့ အတုအယောင် ရွေးကောက်ပွဲအတွက် အုပ်ချုပ်ရေးမှူး အပါအဝင် ပျူစောထီးတွေ၊ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အစည်းအဝေး ပြုလုပ်နေတဲ့အချိန်မှာ မိုင်း၊ လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာလို့ ဆိုပါတယ်။
Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူက “ရွှေပေါက်ကံ အုပ်ချုပ်ရေးမှူးရုံးကို ကျနော်တို့ YA တပ်ဖွဲ့နဲ့ အနောက်ပိုင်းခရိုင် ပကဖတို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာပါ။ ဧည့်စာရင်းစစ်ဆေးဖို့ လူစုနေတဲ့အချိန်မို့ အနီးကပ် ဖောက်ခွဲနိုင်ခဲ့တာ၊ အုပ်ချုပ်ရေးမှူးပါ ထိတယ်။ ပြင်းအားမြင့် မိုင်း ၂ လုံး၊ လက်ပစ်ဗုံးတလုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တာ၊ အစည်းအဝေး ပြုလုပ်ဖို့ အဝင်မှာဆိုတော့ ထိခိုက်မှုတော့ များမယ်” လို့ ပြောပါတယ်။
ဖောက်ခွဲမှုပြုလုပ်ပြီးနောက် ရွှေပေါက်ကံမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်က ပိတ်ဆို့ စစ်ဆေး ရှာဖွေနေတာတွေ လုပ်နေပြီး လုံခြုံရေးတွေပါ တိုးချထားတယ်လို့ ဆိုပါတယ်။
နိုဝင်ဘာ ၁၈ ရက် ည ၆ နာရီကလည်း Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့နဲ့ အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းပြီး လှည်းကူးမြို့နယ်၊ ဇရပ်ကွင်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှာ ရွေးကောက်ပွဲအတွက် အစည်းဝေးလုပ်နေလို့ လက်ပစ်ဗုံး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ ပျူစောထီး ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့သေးတယ်လို့ မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။


