
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်မိုင်းနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရပြီး အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက် ထိခိုက်ခဲ့တယ်လို့ ရပ်ကွက်ဒေသခံတွေဆီက သိရပါတယ်။
သြဂုတ် ၃၀ ရက် မနေ့ညနေပိုင်းမှာ တိုက်ခိုက်ခံရတာဖြစ်ပြီး အုပ်ချုပ်ရေးမှူးနဲ့ လူမိုက်တွေရှိတဲ့ ရပ်ကွက်ရုံးကို Yangon Army (YA) တပ်ဖွဲ့ဝင်တွေက ပြင်းအားမြင့်မိုင်း ၂ လုံးကို အသုံးပြုပြီး သွားရောက်ဖောက်ခွဲတိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Yangon Army မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက “ဒီတိုက်ခိုက်မှုဟာ အောင်မင်္ဂလာရပ်ကွက်ရုံးက အုပ်ချုပ်ရေးမှူးနဲ့ လူမိုက်အဖွဲ့တွေကို ရည်ရွယ်တိုက်ခိုက်တာဖြစ်ပြီး ပစ်မှတ်တွေအပေါ် ထိထိရောက်ရောက် တိုက်ခိုက်နိုင်ခဲ့တယ်။ အုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ဦး မိုင်းထိမှန်ခဲ့ပြီး တခြား မိုင်းစစင်တဲ့သူတွေပါရှိတယ်” လို့ ပြောပါတယ်။
ရပ်ကွက်ဒေသခံတယောက်ကတော့ အုပ်ချုပ်ရေးအဖွဲ့မှာပါတဲ့ နောက် ၂ ယောက်လည်း မိုင်းစထိမှန်ခဲ့ပြီး သူတို့ဟာ အစည်းအဝေးလုပ်ဖို့ရောက်နေကြတာလို့ ဆိုပါတယ်။
ဒါဟာ Yangon Army (YA) အဖို့ အခုလအတွင်း ၃ ခုမြောက် မြို့ပြစစ်ဆင်ရေးဖြစ်ပြီး အကုန်လုံးဟာ အကြမ်းဖက်စစ်ခေါင်းဆောင် အသည်းအသန်လုပ်ချင်နေတဲ့ ရွေးကောက်ပွဲကိစ္စတွေနဲ့ စစ်မှုထမ်း၊ ပေါ်တာဆွဲတာတွေ လုပ်ဆောင်နေတဲ့ ရပ်ကွက်အာဏာပိုင် ဆိုသူတွေကို ရည်ရွယ်ပြီး ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ Yangon Army မြို့ပြပြောက်ကျား တော်လှန်ရေးတပ်ဖွဲ့က ဆိုပါတယ်။
တပ်ဖွဲ့တာဝန်ရှိသူတယောက်က “ဗုံးသီးသုံးရင် မကြားကြဘူး။ အခုအနေအထားက မိုင်းနဲ့တိုက်ခိုက်မှ အဆင်ပြေလို့ မိုင်းနဲ့တိုက်ခိုက်ခဲ့တာ။ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးတွေက စစ်ကောင်စီက ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအတွက် အလုပ်တွေ များနေပြီး လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးပြီး စစ်တပ်ကို ရောင်းစားနေတာမို့ ခုလို လုပ်ဆောင်တာ” လို့ ပြောပါတယ်။
ပြီးခဲတဲ့ သြဂုတ် ၂ ရက်နေ့ကလည်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးရုံးရှေ့မှာ လုံခြုံရေးယူပေးနေတဲ့ အကြမ်းဖက်စစ်သားတွေကို မြို့ပြပြောက်ကျားတွေက ပြင်းအားမြင့် လက်ပစ်ဗုံးတွေနဲ့ သွားရောက်တိုက်ခိုက်ခဲ့ပြီး သြဂုတ် ၂၃ ရက်နေ့မှာလည်း အင်းစိန်မြို့နယ်ထဲက မြို့သစ်(ဂ)ရပ်ကွက်ရုံးကို Yangon Army (YA) နဲ့ အနောက်ပိုင်းခရိုင်ပကဖတို့ လက်ပစ်ဗုံးတွေနဲ့ ပစ်ခတ်ခဲ့ပါသေးတယ်။