
ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ်၊ မြို့မရပ်ကွက်(၈/၁)၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ စစ်မှုထမ်းဖို့အတွက် အိမ်မှာလူမရှိတော့ဘူးလို့ပြောဆိုမိတဲ့ အသက် ၆၂ အရွယ် မိခင် အမျိုးသမီးကြီးတယောက်ကို စစ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးမိသားစုက ရိုက်နှက်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ဇွန် ၂၄ ရက် မနက်က မြို့မရပ်ကွက်(၈/၁)မှာ နေတဲ့ အသက် ၆၂ နှစ်အရွယ် ဒေါ်စန်းဌေးနေအိမ်ကို ရာအိမ်မှူးနဲ့အဖွဲ့ဟာ စစ်မှုထမ်းခိုင်းဖို့အတွက်သွားခဲ့ရာ အချေအတင်စကားများခဲ့ပြီးနောက် ညနေပိုင်းမှာ ရုံးကိုခေါ်ပြီး ရိုက်နှက်ခဲ့တာလို့ မြို့မရပ်ကွက်နေသူတယောက်က ပြောပါတယ်။
"စစ်မှုထမ်းကိစ္စနဲ့ စကားများတာ သား ၃ ယောက်ရှိတာ ၂ ယောက်က အရင်အပတ်စဥ်ကတည်းက ပါသွားလို့ ရှေတန်းမှာ တယောက်သေသွားပြီ တယောက်က စစ်ထဲမှာ အခုကျန်တဲ့ တယောက်ကိုထပ်ခေါ်လို့ စကားများတာ အဲ့ဒါကိုမကျေနပ်လို့ ရာအိမ်မှူးရော သူ့မိန်းမရော သူ့သမီးရော ရုံးကိုခေါ်ပြီး ရိုက်တာ။”
လတ်တလောမှာ ဒေါ်စန်းဌေးမှာ လှည်းကူးမြို့နယ်ဆေးရုံမှာ ဆေးကုသမှုခံယူပြီး ရပ်ကွက် အုပ်ချုပ်ရေးနဲ့ ရာအိမ်မှူးမိသားစုကို ကြောက်လို့ သားဖြစ်သူနဲ့ ခေတ္တရှောင်တိမ်းနေရတယ်လို့ ဒေသခံက ပြောပါတယ်။
လှည်းကူးမြို့နယ်မှာ အမှတ် ၁ စစ်အခြေခံလေ့ကျင့်ရေးတပ်ရှိတာကြောင့် မြို့နယ်အုပ်ချုပ်ရေးနဲ့ ရပ်ကွက်အာဏာပိုင်တွေပူးပေါင်းပြီး အပတ်စဥ်တိုင်းလိုလို စစ်မှုထမ်းဦးရေ ပိုမိုခေါ်ယူနေလို့ တိုင်ကြားခံရတဲ့ မြို့နယ်လည်း ဖြစ်ပါတယ်။