
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ၁၄ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို သြဂုတ် ၁၄ ရက် ည ၁၀ နာရီက ပြင်းအားမြင့်မိုင်းတွေနဲ့ တိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးအတွင်း အစည်းအဝေးပြုလုပ်နေချိန် မိုင်း ၄ လုံး အသုံးပြု တိုက်ခိုက်ခဲ့တာကြောင့် ရုံးဧရိယာအတွင်း ကျရောက်ပေါက်ကွဲပြီး စစ်ကောင်စီတပ်သား တယောက်နဲ့ ပျူစောထီးအဖွဲ့ဝင် ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ မြို့ပြကြွက်အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
“အဲဒီရုံးမှာ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်နေတာရယ်၊ စစ်မှုထမ်းကိစ္စတွေအတွက် တက်တက်ကြွကြွ လုပ်နေတာတွေရယ်ကြောင့် တိုက်ခိုက်မှုလုပ်ခဲ့တာပါ။ လုံခြုံရေးယူပေးနေတဲ့ စစ်သားတယောက်နဲ့ ပျူ ၂ ယောက် မီးလောင်ဒဏ်ရာနဲ့ အရေးပေါ် ဆေးရုံတင်ထားရတယ်။ တိုက်ခိုက်ပြီးတဲ့အချိန်မှာလည်း လူနာတင်ကားတွေ ရောက်လာတယ်။ သူတို့ ညဘက်က ထိထားတာကို အပြင်မှာ သတင်းမဖြန့်ဖို့လည်း ရုံးပိုင်းဆိုင်ရာ မိသားစုတွေကို စစ်တပ်က ခြိမ်းခြောက်ထားပါတယ်။”
တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့တွေက ရုံးအတွင်းကနေ သေနတ်နဲ့ ၃ ချက်ခန့် ပြန်လည်ပစ်ခတ်ခဲ့ပေမဲ့ တော်လှန်ရေးတပ်ဖွဲ့တွေဘက်မှာတော့ အထိအခိုက်မရှိဘူးလို့ ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီက အနီးပတ်ဝန်းကျင်ကိုလည်း စစ်ဆေးမှုတွေပြုလုပ်ခဲ့ပြီး လူငယ် ၂ ယောက်ကို ဖမ်းဆီးကာ ရုံးအတွင်း စစ်ဆေးမှုပြုလုပ်နေတယ်လို့ ဆိုပါတယ်။
တိုက်ခိုက်မှုကို မြို့ပြကြွက်အဖွဲ့နဲ့အတူ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး စစ်ကောင်စီက ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် စီစဥ်နေတာ ဖြစ်သလို မြို့ပြမှာရှိနေတဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ အနေနဲ့လည်း ရွေးကောက်ပွဲ ဖြစ်မြောက်အောင် ပါဝင်ကူညီနေသူတွေကို ပိုတိုးပြီး ပစ်မှတ်ထား တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။