
တူရကီနိုင်ငံက အဓိကအတိုက်အခံအဖွဲ့ဝင်တွေက မကြာသေးမီက ခန့်အပ်ခံရတဲ့ တရားရေးဝန်ကြီး အာကင်ဂါလက်ရဲ့ ဖေဖော်ဝါရီ ၁၁ ရက်က ကျမ်းသစ္စာကျိန်ဆိုမှုကို တားဖို့ကြိုးစားခဲ့လို့ တူရကီလွှတ်တော်ထဲမှာ ရန်ပွဲတခု ဖြစ်ခဲ့ပါတယ်။
၂၀၂၄ ခုနှစ်မှာ တူရကီအစိုးရရဲ့ အကြီးတန်းအစိုးရရှေ့နေအဖြစ် ခန့်အပ်ခံရပြီးကတည်းက ဂါလက်ဟာ ရီပတ်ဘလီကန်ပြည်သူ့ပါတီ (CHP) ကို ပစ်မှတ်ထားတဲ့ အဖမ်းအဆီးတွေနဲ့ စွဲချက်တင်မှု အများအပြားကို ကြီးကြပ်ခဲ့တာပါ။
အာဒိုဂန်ရဲ့ အဓိကနိုင်ငံရေးပြိုင်ဘက်ဖြစ်ပြီး ပြီးခဲ့တဲ့နှစ် မတ်လမှာ ဖမ်းဆီးခံရပြီးကတည်းက ထောင်ချခံခဲ့ရတဲ့ အစ္စတန်ဘူလ်မြို့တော်ဝန် အက်ခရမ် အိုင်မာမိုဂလူကို စုံစမ်းစစ်ဆေးမှုမှာလည်း သူက ပါဝင်ခဲ့ပါတယ်။
အာဒိုဂန်က ဂါလက်ကို ဗုဒ္ဓဟူးနေ့မှာ တရားရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့ပြီး CHP က အပြင်းအထန် ဝေဖန် ဆန့်ကျင်ခဲ့ပါတယ်။
CHP အဖွဲ့ဝင်တွေက ဂါလက်ကို လွှတ်တော်ရဲ့ အထွေထွေညီလာခံမှာ ကျမ်းသစ္စာကျိန်ဆိုဖို့ စင်မြင့်ပေါ်တက်မှာကို တားဖို့ ကြိုးစားခဲ့ကြပြီး ပါတီနှစ်ခုက အဖွဲ့ဝင်တွေအကြား တွန်းထိုး တိုက်ခိုက်တာတွေ၊ လက်သီးချင်းထိုးတာတွေ ဖြစ်ခဲ့ပါတယ်။
ဂါလက်ဟာ နောက်ပိုင်းမှာ AK ပါတီဝင်အုပ်စုတစု ဝန်းရံရင်း ကျမ်းသစ္စာကျိန်ဆိုခဲ့ရပြီး ဝန်းရံသူတွေက သူ့ကို အားပေးပြီး လက်ခုပ်တီးခဲ့ကြပါတယ်။
Source: Reuters


