
ရန်ကုန်မြို့မှာ အခုရက်ပိုင်းအတွင်း နာရီပိုင်းကြာ လျှပ်စစ်မီးပျက်တာတွေ ဆက်တိုက်ပြန်ဖြစ်လာတယ်လို့ မြို့ခံပြည်သူတွေက ပြောပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်မှာ နေထိုင်သူတယောက်က “၃ ရက်လောက်ရှိပြီ ပုံမှန်လိုပျက်နေတာ။ နေ့လယ်ကဆိုရင် မီးပျက်တာ ၃ နာရီကျော်လောက် ကြာတယ်။ ညနေ ၅ နာရီလောက် ပြန်လာပြီး ၆ နာရီမထိုးခင် ပြန်ပျက်သွားသေးတယ်။ ရာသီဥတုကပူလာတော့ အရင်လို ပြန်ဖြစ်မှာကို စိုးရိမ်နေတာ” လို့ ပြောပါတယ်။
မတ် ၈ ရက်နဲ့ မတ် ၁၀ ရက် လယ် ၂ နာရီလောက်က ဓာတ်အားစနစ် (တောင်ပိုင်း) အတွင်း ယာယီချွတ်ယွင်းမှုဖြစ်ခဲ့ပြီး မီးပျက်ခဲ့ရတာလို့ ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း (YESC) က အသိပေးထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီ လျှပ်စစ်နဲ့စွမ်းအားဝန်ကြီးဌာနက ဖေဖော်ဝါရီလကစပြီး စက်မှုဇုန်တွေနဲ့ အထူးစီးပွားရေးဇုန်တွေမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံတွေအတွက် သဘာဝဓာတ်ငွေ့ (LNG) သုံးဓာတ်အားပေးစက်ရုံတွေက ထွက်ရှိတဲ့ လျှပ်စစ်အားကို သီးခြားဓာတ်အားလိုင်းသုံးကာ ၂၄ နာရီ မီးပေးစနစ်အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ၂၄ နာရီ လျှပ်စစ်မီးအသုံးပြုဖို့အတွက် စက်ရုံ၊ အလုပ်ရုံတွေက တယူနစ်ကို ၉၀၀ ကျပ် ပေးဆောင်ရတာပါ။
စက်ရုံ၊ အလုပ်ရုံတွေက သီးခြားဓာတ်အားစနစ် ပြောင်းသုံးတဲ့အတွက် အရင်အသုံးပြုခဲ့တဲ့ အများသုံးဓာတ်အားလိုင်းမှာ လျှပ်ဓာတ်အား ပိုထွက်လာခဲ့ပြီး နေအိမ် နဲ့ တခြားလုပ်ငန်းတွေကို လျှပ်စစ်မီးပိုပေးလာနိုင်တာလို့ စစ်ကောင်စီလျှပ်စစ်နဲ့စွမ်းအားဝန်ကြီးဌာနက အသိပေးထားပါတယ်။
Photo - DVB


