Home
ဆောင်းပါး
ခေါင်ခိုက်နေတဲ့ ရန်ကုန် အိမ်ခြံမြေဈေးကွက်
DVB
·
March 12, 2026

လက်ရှိ မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေပါတယ်။ နိုင်ငံစီးပွားရေးကလည်း နာလန်ထူဖို့ အတော်လေး ရုန်းကန်နေရပါတယ်။ ဒါပေမဲ့ ရန်ကုန်မှာတော့ အိမ်ခြံမြေဈေးကွက် အရမ်းကို ဟော့နေပါတယ်။ ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာတင် ကွန်ဒိုအခန်းတချို့ရဲ့ ဈေးနှုန်းတွေက ၂ ဆလောက်ကို ခုန်တက်သွားပါတယ်။

ဒီလိုအခြေအနေမျိုးကို အိမ်ခြံမြေအကြံပေးတွေက “ပုံမှန်မဟုတ်ဘူး” လို့ The Straits Timesကို ပြောပါတယ်။ “ရူးစရာပဲ”လို့တောင်ဆို ကြပါတယ်။

ဥပမာတခုအနေနဲ့ တောင်ကိုရီးယားကုမ္ပဏီက ၂၀၂၃ မှာ တည်ဆောက်ပြီးစီးခဲ့တဲ့ Inno City စီမံကိန်းကို ကြည့်လိုက်ပါ။ ပါရမီလမ်းပေါ်မှာရှိပြီး ကွန်ဒို၊ ဟိုတယ်နဲ့ ကုန်တိုက်တွေ ပါဝင်လို့ လူကြိုက်အရမ်းများပါတယ်။ အဲဒီက စတုရန်းမီတာ ၁၃၀ အကျယ်၊ အိပ်ခန်း ၃ ခန်းပါတဲ့ အခန်းတခန်းဟာ အခုဆိုရင် ကျပ် ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၄၇၆,၀၀၀ ခန့်) ပေါက်နေပါပြီ။ ၂၀၂၁ အာဏာမသိမ်းခင်ကဆိုရင် ဒီလိုအခန်းမျိုးက ဒေါ်လာ ၂၈၆,၀၀၀ လောက်ပဲ ရှိခဲ့တာပါ။

Colliers Thailand ရဲ့ ဒု-မန်နေဂျင်းဒါရိုက်တာ ကာလိုပိုဘရီက “၂၀၂၀ ကစပြီး ရန်ကုန်လို မြို့ကြီးတွေမှာအိမ်ရာဈေးတွေက ၂ ဆလောက် တက်လာတာကို တွေ့ရပါတယ်။ တချို့မြို့စွန်တွေနဲ့ အချက်အချာမကျတဲ့ သာမန်ရပ်ကွက်တွေ (Secondary locations) မှာဆိုရင် ၃ ဆလောက်တောင် တက်သွားပါတယ်”လို့ ပြောပါတယ်။

စီးပွားရေးအခြေခံတွေ အရမ်းအားနည်းနေတဲ့ကြားက အခုလို ဖြစ်နေတာပါလို့ သူက ဆိုပါတယ်။

၂၀၂၁ ဖေဖော်ဝါရီလ အာဏာသိမ်းပြီးကတည်းက စီးပွားရေးအကျပ်အတည်းတွေ စတင်ခဲ့ပါတယ်။ အခုချိန်ထိလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေဆဲပါ။

ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက်အရ ၂၀၂၆ မတ်လမှာ ကုန်ဆုံးမဲ့ ဘဏ္ဍာနှစ်အတွက် မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP)က ၂ ရာခိုင်နှုန်းလောက် ထပ်ကျဆင်းဦးမယ်လို့ သိရပါတယ်။

ငွေကြေးဖောင်းပွနှုန်းကလည်း ၂၀ ရာခိုင်နှုန်းအထက်မှာပဲဆက်ရှိနေဦးမှာပါ။ စီးပွားရေး အနည်းငယ် ပြန်လည်ဦးမော့လာမဲ့ လက္ခဏာတချို့ ရှိပေမဲ့၊ ဆက်တိုက်ဖြစ်နေတဲ့ ပဋိပက္ခတွေနဲ့ ဖွဲ့စည်းပုံဆိုင်ရာ အခက်အခဲတွေကြောင့် အတားအဆီးတွေ အများကြီးရှိနေသေးတယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ဒီဇင်ဘာလ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒါကြောင့် အခုလို အိမ်ခြံမြေဈေးတွေ တက်လာတာဟာ ဝင်ငွေတိုးလာလို့၊ ဒါမှမဟုတ် ရင်းနှီးမြှုပ်နှံမှုကနေ အမြတ်အစွန်းရလို့ မဟုတ်ဘူးလို့ ကာလိုပိုဘရီက သုံးသပ်ပါတယ်။ အဓိကကတော့ “ကိုယ့်ရဲ့ပိုင်ဆိုင်မှုတွေကို အန္တရာယ်ကင်းအောင် ရွှေ့ပြောင်းသိမ်းဆည်းကြတာ (Risk hedging)” ကြောင့်လို့ သူက ယုံကြည်ပါတယ်။

ရန်ကုန်က ကိုသိန်းစော (အမည်လွှဲ) ကတော့ အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၂ ခုနှစ်လောက်ကစပြီး အိမ်ခြံမြေဘက်ကို ပိုပြီးအာရုံစိုက်ရင်းနှီးမြှုပ်နှံဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အကြောင်းကတော့ သူ လုပ်နေတဲ့ အနုပညာနဲ့ ဖန်တီးမှုကဏ္ဍက အလုပ်အကိုင်တွေ မလုံခြုံတော့လို့ပါပဲ။

အသက် ၃၀ အရွယ် ကိုသိန်းစောက “ကျနော် နိုင်ငံခြားငွေနဲ့ စုထားတဲ့ ပိုက်ဆံတွေက ပြည်တွင်းက ပိုင်ဆိုင်မှုတွေထက် ဝယ်ယူနိုင်စွမ်း ပိုအားကောင်းနေတာကို သတိထားမိလိုက်တယ်”လို့ ပြောပါတယ်။

“အိမ်ခြံမြေတွေက ကျပ်ငွေနဲ့ကြည့်ရင် ၂၀၂၀ မတိုင်ခင်က ဈေးတွေအတိုင်းပဲ ဖြစ်နေပေမဲ့၊ ဒေါ်လာနဲ့ ပြန်တွက်ကြည့်ရင် တော်တော်လေး ဈေးပေါနေတဲ့ ‘တန်ဖိုးကွာဟချက်’ကို တွေ့ခဲ့ရတယ်” လို့ သူက ရှင်းပြပါတယ်။

"ဒီလို အိမ်ခြံမြေတွေကိုဝယ်မယ်၊ ပြင်ဆင်မယ်၊ ပြီးတော့ ဈေးကွက်အခြေအနေ ကြည့်ပြီး ပြန်ရောင်းမယ်ဆိုရင် ငွေတန်ဖိုးမကျအောင် ထိန်းထားနိုင်သလို အမြတ်လည်း ရနိုင်တယ်ဆိုတာ ကျနော်တွေ့ရှိခဲ့တယ်" လို့ သူက ဆိုပါတယ်။

အခုလို အိမ်ခြံမြေ ဝယ်ရောင်းလုပ်ရင်းနဲ့ သူ့သူငယ်ချင်းတော်တော်များများလည်း ဒီလိုပဲ လုပ်နေကြတာကို သူ သတိထားမိလာပါတယ်။

"အရင်ကဆိုရင် အိမ်ခြံမြေဈေးကွက်က ဝယ်ထားပြီးရင် ရေရှည်စောင့်ရတဲ့ ပုံစံမျိုးပါ။ အခုတော့ မြန်မြန်ဝယ် မြန်မြန်ရောင်းတဲ့ ပုံစံမျိုး ပြောင်းသွားပါပြီ"

သူက ဆက်ပြီး "၂၀၂၀ မတိုင်ခင်က လူတွေက အိမ်လခရဖို့နဲ့ ပုံမှန်အမြတ်ရဖို့ ရင်းနှီးမြှုပ်နှံကြတာပါ။ အခုတော့ ဈေးကွက်က အလွယ်တကူ ငွေပြန်ဖော်လို့ရတာတွေနဲ့ ဈေးကစားမှုတွေအပေါ်မှာပဲ လည်ပတ်နေတာပါ" လို့ ထပ်လောင်းပြောပါတယ်။

နောက်ထပ် အကြောင်းရင်းတခုကတော့ နယ်မြေမတည်ငြိမ်မှုတွေပါ။ အိမ်ခြံမြေအကျိုးဆောင် ကိုဌေးမြင့်ကလည်း မြန်မာပြည်မြောက်ပိုင်းက ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကနေ ပိုလုံခြုံတဲ့ ရန်ကုန်မြို့ကို ပြောင်းရွှေ့လာကြတာကလည်း ဝယ်လိုအားကို မြင့်တက်စေတယ်လို့ ထောက်ပြပါတယ်။

၂၀၂၅ ခုနှစ် မတ်လက နိုင်ငံအလယ်ပိုင်းမှာ ငလျင်ကြီးလှုပ်ခဲ့ပါတယ်။ မန္တလေး၊ စစ်ကိုင်းနဲ့ နေပြည်တော်အပါအဝင် ဒေသအတော်များများက အိမ်ခြေ ၅၅,၀၀၀ ကျော် ပျက်စီးခဲ့ရပါတယ်။ ဒါပေမဲ့ ရန်ကုန်ကတော့ သိပ်မထိခိုက်ခဲ့ပါဘူး။ အဲဒီအချိန်ကစပြီး ရန်ကုန်က အိမ်ခြံမြေတွေကို ပိုပြီးစိတ်ဝင်စားလာကြတာကို သူ တွေ့ခဲ့ရပါတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း လုပ်ငန်းဆက်လုပ်ဖို့ အန္တရာယ်များတယ်ဆိုပြီး ကုန်ထုတ်လုပ်ငန်းနဲ့ ဟိုတယ်လုပ်ငန်းတွေ ပိတ်လိုက်ကြတဲ့ မြန်မာနိုင်ငံသားတွေလည်း အများကြီးရှိပါတယ်။ သူတို့တွေက အဲဒီလုပ်ငန်းတွေကနေ ပြန်ရလာတဲ့ငွေတွေကို အန္တရာယ်ကင်းတယ်လို့ယူဆရတဲ့ အိမ်ခြံမြေဘက်မှာ ပြောင်းပြီး ရင်းနှီးမြှုပ်နှံလာကြပါတယ်။

အရင်ကဆိုရင် အလယ်အလတ်နဲ့ အထက်တန်းလွှာတွေဟာ ထိုင်းတို့၊ စင်ကာပူတို့လို နိုင်ငံတွေမှာ အိမ်ခြံမြေ သွားဝယ်လေ့ရှိပါတယ်။ ဒါပေမဲ့ အခုတော့ စစ်ကောင်စီရဲ့ ဘဏ်လုပ်ငန်း မူဝါဒတွေကြောင့် ပြည်တွင်းမှာပဲ ပြန်ပြီး ရင်းနှီးမြှုပ်နှံလာကြတယ်လို့ ကိုဌေးမြင့်က ဆိုပါတယ်။

၂၀၂၂ ဧပြီလမှာ စစ်ကောင်စီက နိုင်ငံခြားကနေ ဝင်လာတဲ့ နိုင်ငံခြားငွေတွေကို ကျပ်ငွေ မဖြစ်မနေ လဲလှယ်ဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ ဒါ့အပြင် ၂၀၂၄ ဇွန်လမှာလည်း ငွေကြေးစီးထွက်မှုတွေကို ဗဟိုဘဏ်က ထပ်ပြီး တင်းကျပ်ခဲ့ပါတယ်။ ဒါတွေကြောင့် ပြည်သူအများအပြားဟာ ရန်ကုန်မှာပဲ အိမ်ခြံမြေဝယ်မယ့်ဘက်ကို ဦး လှည့်လာကြတာပါ။

အိမ်ခြံမြေအကြံပေး ကိုဆန်းပြည့်ကတော့ ဒီလိုဝယ်ယူနေကြတာတွေကို “အစစ်အမှန် ဝယ်လိုအား မဟုတ်ဘူး” လို့ သုံးသပ်ပါတယ်။ “တကယ်နေထိုင်ဖို့ ဝယ်ကြတာမဟုတ်ဘဲ ငွေကြေးတွေကို သိမ်းဆည်းထားတဲ့ သဘောမျိုးပါ” လို့ သူက ပြောပါတယ်။

ပြည်သူတွေဟာ မတည်ငြိမ်သလို ယုံကြည်ရမှုလည်းမရှိတဲ့ လက်ရှိ ဘဏ်စနစ်ထဲမှာ ငွေမထားချင်ကြတော့ပါဘူး။ 

၂၀၂၁ ခုနှစ်က တဒေါ်လာကို ၁,၃၃၀ ကျပ်ပဲ ရှိခဲ့ရာကနေ ၂၀၂၅ မှာ ၄,၅၂၀ ကျပ်အထိ ထိုးကျသွားတဲ့ ကျပ်ငွေတန်ဖိုး ကျဆင်းမှုကို အကာအကွယ်ယူတဲ့အနေနဲ့ အခုလို လုပ်ကြတာလို့ သူက ဆက်ပြောပါတယ်။

အိမ်ခြံမြေအကြံပေး ကိုမက်သရူးထွန်းကလည်း “အိမ်ခြံမြေဆိုတာ မရွှေ့ပြောင်းနိုင်တဲ့ ပိုင်ဆိုင်မှုဖြစ်လို့ ဈေးဘယ်တော့မှမကျနိုင်ဘူး” ဆိုတဲ့ အယူအဆက ဈေးကွက်ထဲမှာ လွှမ်းမိုးနေတယ်လို့ ဆိုပါတယ်။ “ကျနော်တို့ ငယ်ငယ်ကတည်းက ‘မြေကြီးက ရွှေသီးတယ်’ လို့ အမြဲကြားခဲ့ရတာကိုး” လို့ သူက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အရည်အသွေးကောင်းတဲ့ ကွန်ဒိုတွေ နည်းပါးတာကလည်း ဝယ်လိုအားကို မြင့်တက်စေပါတယ်။ “အဲဒါကြောင့်ပဲ ဈေးတွေ မိုးထိုးသွားတာပါ” လို့ ကိုမက်သရူးထွန်း က ဆိုပါတယ်။ 

“ဒီမှာက တရားဝင်တန်ဖိုးဖြတ်တဲ့ ဥပဒေလည်း မရှိပါဘူး။ ပါးစပ်ဈေးကွက်နဲ့ပဲ သွားနေတာပါ။ ကျနော်က တသန်းနဲ့ ရောင်းလိုက်တယ်ဆိုရင် ကျနော့်အိမ်နီးချင်းက ‘ငါ့အိမ်ဆိုရင်တော့ ၂ သန်းလောက် တန်မှာပဲ’ လို့ တွေးပြီး ဈေးက ၃ သန်းအထိ တက်သွားတတ်ပါတယ်” လို့ သူက ရှင်းပြပါတယ်။

ကိုသိန်းစောကတော့ လာမဲ့ ၂၀၂၆ ခုနှစ်အတွက်လည်း “အမြန်ပြန်ရောင်းလို့ရမဲ့၊ ဈေးကွက်ပေါက်ဈေးထက်သက်သာတဲ့ အိမ်ခြံမြေတွေကို ဆက်ဝယ်သွားဦးမယ်” လို့ ပြောပါတယ်။

ပြည်သူတော်တော်များများ အလုပ်လက်မဲ့ဖြစ်၊ ဝင်ငွေနည်းပါးပြီး ရုန်းကန်နေရချိန်မှာ သူကတော့ အိမ်ခြံမြေ အရောင်းအဝယ်လုပ်ရင်း သူ့ငွေ ပေါ်နေတဲ့အတွက် ကံကောင်းတယ်လို့ ခံယူထားပါတယ်။

“ကျနော့်အတွက်တော့ ဒီအလုပ်က နှစ်ပေါင်းများစွာ ကြိုးစားစုဆောင်းခဲ့ရတဲ့ ငွေတွေကို တာဝန်ယူမှုရှိရှိ စီမံခန့်ခွဲတဲ့ နည်းလမ်းတခုပါပဲ။ ရှင်သန်ရပ်တည်ရေးအတွက် ရုန်းကန်ရတဲ့ အသိစိတ်ကနေ စနစ်ကျတဲ့ ရင်းနှီးမြှုပ်နှံမှုလမ်းကြောင်းတစ်ခုဆီ ပြောင်းလဲသွားတာပါပဲ” လို့ သူက နိဂုံးချုပ် ပြောကြားခဲ့ပါတယ်။

မေဝေါင်

Ref: The Straits Time 

(စင်ကာပူအခြေစိုက် The Straits Time သတင်းစာတွင် သတင်းထောက် May Wong ရေးသားထားသည့်  “‘Crazy’ Yangon property prices despite struggling economy, civil war in Myanmar” သတင်းဆောင်းပါးကို ဘာသာပြန်ဆို ဖော်ပြသည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013