
ရခိုင်ပြည်နယ်၊ ကျောက်ဖြူကနေ ပြည်မကို ပြောင်းရွှေ့ထားတဲ့ စစ်ကောင်စီရဲ့ ဒေသခံ ဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ မိသားစုဝင်တွေကို ကျောက်ဖြူကို ပြန်ခေါ်သွင်းနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမှာတိုက်ပွဲစတင်ဖြစ်ခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစလို့ ပြည်မကိုပြောင်းရွှေ့လိုက်တဲ့ ဒေသခံ ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ ဇနီး၊ သားသမီးတွေကို ရန်ကုန်ကနေ သင်္ဘောတွေနဲ့ ဒီမတ်လအတွင်းမှာပဲ ကျောက်ဖြူကို ပြန်ခေါ်နေတယ်လို့ စစ်ကောင်စီနဲ့နီးစပ်သူ တယောက်က ပြောပါတယ်။
“တိုက်ပွဲစဖြစ်တုန်းကပို့ထားတဲ့ ရခိုင်ဒေသခံဌာနဆိုင်ရာ ဝန်ထမ်းတချို့နဲ့ စစ်ကောင်စီရဲ့ သားမယားတွေကို ကျောက်ဖြူမှာ အေးဆေးဖြစ်နေပြီဆိုပြီး ပြန်ခေါ်နေတာ” လို့ ပြောပါတယ်။
အခုလိုပြန်လည်ခေါ်သွင်းနေတာဟာ ရခိုင်လူမျိုးဝန်ထမ်းတွေကို လူသားဒိုင်းကာအဖြစ် စစ်ကောင်စီက အသုံးချနေတာဖြစ်တယ်လို့ စစ်ရေးအခြေအနေစောင့်ကြည့်နေသူ ရခိုင်ဒေသခံအမျိုးသားတယောက်က ပြောပါတယ်။
“တချို့ဆို မြေပြင်ကယောက်ျားတွေက ဒီမှာအေးချမ်းနေပြီဆိုပြီး ဖုန်းဆက်ပြီးခေါ်တာမျိုး ရှိတယ်။ အထက်ကလူကြီးက ဖိအားပေးထားတာလေ။ ရခိုင် ဆိုရင် မယုံတော့တဲ့ သဘောပေါ့။ ဒီဝန်ထမ်းတွေ အောက်လက်ငယ်သားတွေကို လူသားဒိုင်းကာအဖြစ် အသုံးချနိုင်တယ်” လို့ ပြောပါတယ်။
ကျောက်ဖြူမှာ တရုတ်စီမံကိန်းတွေ အများကြီးရှိနေတာကြောင့် ကျောက်ဖြူကို လက်မလွှတ်ရစေဖို့ အင်အားတွေ အများကြီး ဖြည့်တင်းနေသလို စစ်ရေးအရ အောက်လက်ငယ်သားတွေကို ဖိအားပေးစေခိုင်းတာတွေ ရှိနေတယ်လို့ စစ်တပ်အသိုင်းအဝိုင်းဆီက သိရပါတယ်။
လက်ရှိမှာတော့ ကျောက်ဖြူမှာ စစ်ကောင်စီက အင်အားအလုံးအရင်းနဲ့ မြေပြင်စစ်ကြောင်းထိုးပြီး အာရက္ခတပ်တော်(AA)ကို တိုက်ခိုက်နေပေမယ့် အထိနာ ကျဆုံးတာ များနေတယ်လို့ စစ်ရေးနီးစပ်သူတွေဆီကနေ သိရပါတယ်။


