
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့မှာရှိတဲ့ မြို့မဈေးကြီးအပြင်ဘက် ပလက်ဖောင်းနဲ့ လမ်းဘေးတွေမှာ ဈေးရောင်းနေတဲ့ ဈေးသည်တွေကို စစ်ကောင်စီတပ်က ဖမ်းဆီးပြီး ပစ္စည်းတွေကို အဓမ္မသိမ်းယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မတ် ၁၃ ရက် မနက်ပိုင်းမှာ ရွှေဘိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနဲ့ စည်ပင်ဝန်ထမ်းတွေ အပါအဝင် စစ်တပ်၊ ရဲနဲ့ ပျူစောထီး ပူးပေါင်းအဖွဲ့တွေက ဈေးကြီးရဲ့ မြောက်ဘက်၊ အရှေ့ဘက်နဲ့ တောင်ဘက်တဝိုက်မှာ ရှိနေတဲ့ ဈေးသည်တွေနဲ့ ဈေးဝယ်သူတွေကို ယာဉ်ကြောပိတ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဝင်ရောက်ဖမ်းဆီးခဲ့တာပါ။
ဒီလိုဖမ်းဆီးရာမှာ ရိုက်နှက်တာတွေရှိသလို ဈေးသည်တွေရဲ့ စက်ဘီး၊ ဆိုင်ကယ်နဲ့ ဈေးခင်းထားတဲ့ ပစ္စည်းတွေကိုလည်း အတင်းအဓမ္မ သိမ်းဆည်းသွားတယ်လို့ ဆိုပါတယ်။
ဈေးသည်တယောက်ရဲ့ ပြောပြချက်အရ စစ်ကောင်စီတပ်ဖွဲ့ဟာ ကားအငယ် ၃ စီး၊ ကားအကြီး ၅ စီးနဲ့ လာရောက်တာဖြစ်ပြီး ဈေးခင်းတွေကို ကားနဲ့နင်းတာ၊ ဆိုင်တွေကို ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် လူတွေ ထွက်ပြေးလို့ ကျန်ရစ်ခဲ့တဲ့ ပစ္စည်းတွေကိုလည်း ကားအကြီး ၅ စီးအပြည့် တင်ဆောင်သွားတယ်လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိမှာ ရွှေဘိုမြို့အတွင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေဟာ လမ်းဆုံလမ်းခွတွေမှာ ကင်းပုန်းဝပ်ပြီး ခရီးသွားပြည်သူတွေနဲ့ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာတွေလည်း ရှိနေပါတယ်။
ဒါ့အပြင် လိုင်စင်ရှိသည် ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဆိုင်ကယ်တွေကို သိမ်းဆည်းပြီး လေလံပစ် ရောင်းချတာတွေလည်း လုပ်ဆောင်နေတယ်လို့ မြို့ခံတယောက်က ပြောပါတယ်။
ရွှေဘိုမြို့မှာရှိတဲ့ ဈေး၊ ဆေးရုံ၊ ကားဝင်းနဲ့ BOC ဆီဆိုင်လို လူစည်ကားတဲ့နေရာတွေမှာ အခုလို ဖမ်းဆီးတာတွေကို နေ့စဉ် လုပ်ဆောင်နေတာဖြစ်ပြီး၊ ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့ကလည်း BOC ဆီဆိုင်မှာ တန်းစီနေသူတချို့ကို ဖမ်းဆီးကာ ဆိုင်ကယ်အစီး ၅၀ ခန့်ကို သိမ်းယူခဲ့တဲ့ ဖြစ်စဉ်လည်း ရှိခဲ့ပါတယ်။


