ဧရာဝတီတိုင်း မြန်အောင်မြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံ ရဲတွေနဲ့ အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းလိုင်းကြေးယူပြီး လောင်းကစားဝိုင်းတွေကို လုပ်ခွင့်ပြုနေပြီး ဧရာဝတီတိုင်းထဲမှာ ပြီးခဲ့တဲ့တလအတွင်း လောင်းကစားလုပ်လို့ဆိုပြီး လူ ၂၂ ယောက် ဖမ်းခံခဲ့ရတယ်လို့ သိရပါတယ်။
မြန်အောင်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ အပိုင်နယ်မြေရဲစခန်းက ရဲတပ်ဖွဲ့ပေါင်းပြီး ကြက်ဝိုင်း၊ ဖဲဝိုင်း၊ နှစ်လုံး၊ သုံးလုံးထီ၊ ခြောက်ကောင်ဝိုင်းစတဲ့ လောင်းကစားတွေကို လစဉ်လိုင်းကြေး ယူပြီး ပေါ်ပေါ်တင်တင် လုပ်နေတာလို့ ဒေသခံတွေဆီက သိရပါတယ်။
မြန်အောင်မြို့နယ် ဒေသခံတယောက်က “စစ်ကောင်စီရဲနဲ့ သူတို့ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးအဖွဲ့က ပူးပေါင်းပြီး လုပ်ခွင့်ပေးကြတာ။ အဓိက နယ်မြေခံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ရဲတွေပဲ။ တရားဝင်သဖွယ် ဖြစ်နေတာပေါ့။ အလောင်းကစားတွေကြောင့် သူခိုးတွေ၊ လုယက်သမားတွေ၊ ဓားပြတိုက်တဲ့သူတွေလည်း ပေါလာတယ်” လို့ ပြောပါတယ်။
မြန်အောင်မြို့နယ်၊ အင်ပင်တိုက်နယ်အတွင်းမှာရှိတဲ့ သခွပ်ကွင်း၊ တောကျွဲလူး၊ ငါးသိုင်းအင်း၊ အင်ပင်၊ ကြည်သာအေးဘုရား၊ ငှက်ကြီးကွင်း၊ လက်ပံကွင်း၊ ရွာသစ်ကုန်းစတဲ့ကျေးရွာတွေမှာ လောင်းကစား အများဆုံးလုပ်နေတာလို့ ဒေသခံတွေဆီကသိရပါတယ်။
အုပ်ချုပ်ရေးမှူးနဲ့ရဲတွေက သူတို့ ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေနဲ့ပတ်သက်လို့ အထက်အဆင့်ဆင့်ကို တိုင်တာ၊ လူမှုကွန်ရက်ပေါ် တင်တာတွေလုပ်ရင် တိုင်တဲ့သူကိုပဲ ဖမ်းဆီးမယ်လို့ ပြောဆို ခြိမ်းခြောက်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်ကနေ ၂၈ ရက်အထိတလအတွင်း ဧရာဝတီတိုင်းထဲက မြို့နယ်တွေကနေ အမျိုးသား ၁၆ ယောက်၊ အမျိုးသမီး ၆ ယောက်ကို စစ်ကောင်စီတပ်နဲ့ ရဲတွေက လောင်းကစားလုပ်မှုနဲ့ ဖမ်းဆီးခဲ့တယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတယောက်က “ဖမ်းခဲ့တာဟုတ်ပါတယ်။ ကြံခင်း၊ ဟင်္သာတနဲ့ ပုသိမ်ဘက်က အဖမ်းခံရတာများတယ်။ အမျိုးသမီးတွေလည်းပါတယ်” လို့ပြောပါတယ်။
ဖမ်းဆီးခဲ့တဲ့သူတွေကို လောင်းကစားဥပဒေနဲ့အမှုဖွင့် အရေးယူထားတာရှိသလို ဘယ်ပုဒ်မနဲ့မှ အမှုမဖွင့်ဘဲ ဖမ်းဆီးထားတာလည်းရှိတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း ဒေသခံတယောက်က “စလော့ဂိမ်း၊ ကျွဲဂိမ်း ဆော့တဲ့သူတွေနဲ့ နှစ်လုံးထီ၊ သုံးလုံးထီရောင်းတဲ့သူတွေ အဖမ်းခံရတာများတယ်။ ဒိုင်တွေ၊ ဒိုင်ချုပ်တွေကတော့ လွတ်နေပါတယ်” လို့ ပြောပါတယ်။
အွန်လိုင်းလောင်းကစားနဲ့ ချဲလိုမျိုး လောင်းကစားလုပ်တာကြောင့် ဖမ်းခံခဲ့ကြရတာဖြစ်ပြီး ဟင်္သာတ၊ သာပေါင်း၊ မအူပင်၊ ကြံခင်း၊ ပုသိမ်၊ မြောင်းမြစတဲ့မြို့နယ်တို့ကနေ အများဆုံး ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။




