
ရခိုင်ပြည်နဲ့ မကွေးတိုင်းအဆက် ရိုးပေါ်က နတ်ရေကန်ဗျူဟာကို စစ်ကြောင်းလာကူတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းနဲ့ AA တို့ ၃ ရက်ဆက် တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံ စစ်ရေးနီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်-မကွေး ရိုးပေါ်က မကွေးတိုင်း၊ ငဖဲမြို့နယ်အပိုင် စစ်ကောင်စီရဲ့ နတ်ရေကန်ဗျူဟာကုန်းမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေကို စစ်ကူလာတဲ့ စစ်ကြောင်း ၂ ကြောင်းအနက် အင်အား ၃၀၀ ပါ စစ်ကြောင်းတကြောင်းဟာ နတ်ရေကန်ဗျူဟာကို သွားတဲ့ လမ်းဟောင်းလမ်း ပဇီရွာဝန်းကျင် အနီးတဝိုက်မှာ အာရက္ခတပ်တော် (AA) ရဲ့ တိုက်ခိုက်မှုကြောင့် တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်နေတယ်လို စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“ဗျူဟာကုန်းဘက်ကို တက်လာတာ နှစ်ကြောင်း။ တကြောင်းက လမ်းသစ်ဂုတ်ကြီးဘက်။ နောက်တကြောင်းက လမ်းဟောင်းပဇီဘက်။ အခုဖြစ်နေတာ လမ်းဟောင်းဘက် အင်အား ၃၀၀ ပါတဲ့ စစ်ကြောင်းနဲ့ ၁၃ ရက်နေ့ကနေစလို့ တိုက်ပွဲပြင်းတာ ဒီနေ့ ၁၅ ရက်နေ့အထိပဲ။ AA ဘက်ကလည်း တက်ခွင့်မပေးဘူး။ နတ်ရေကန်ဗျူဟာဘက်မှာလည်း စစ်ကောင်စီတွေ အထိနာနေတယ်။”
တိုက်ပွဲဖြစ်နေတဲ့ နေရာတွေကို မကွေးတိုင်းအပိုင် မစခ (၉၀၅) ဆုံကုန်းရွာ အမြောက်တပ်နဲ့ ရိုးပေါ်က ဇင်ပြွန်းလက်နက်ကြီးအထိုင် စခန်းတွေက အတွဲလိုက်ပစ်ဒုံး၊ လက်နက်ကြီးကျည်အပြင် လေကြောင်းကပါ ပစ်ကူပေးနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“လက်နက်မိုးတွေ ရွာသလို တရစပ်ပစ်နေတာ။ အထိနာလေ ပိုပစ်လေ။ ဗျူဟာကုန်းဘက်မှာလည်း စစ်ကောင်စီတပ်သားတွေ ပိတ်မိနေတာ ရှိတယ်လေ၊ အဲဒါကြောင့် ထိုးစစ်ကို အသည်းအသန်လုပ်နေတယ်။”
နတ်ရေကန်ဗျူဟာကုန်းဟာ စစ်ကောင်စီရဲ့ မကွေးတိုင်းက ကပစ (၁၄) ရဲ့ အရေးပါတဲ့ ဗျူဟာတခုဖြစ်ပြီး ပြီးခဲ့တဲ့လပိုင်းအတွင်းကလည်း ဗျူဟာကုန်းရဲ့ အရေးပါတဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က သိမ်းနိုင်ခဲ့ပါတယ်။


