ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းက စစ်ရှောင်စခန်းတနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ဘေးရှောင်အမျိုးသမီးတယောက် ပြင်းထန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။
မတ် ၁၅ ရက် ညနေ ၆ နာရီဝန်းကျင်က စစ်ကောင်စီတပ်ရဲ့ Y-12 လေယာဥ်နဲ့ စစ်ရှောင်ပြည်သူတွေရှိရာ နေရာနားကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
IEC အတွင်းရေးမှူး ၂ ဦးဗညားက “ဖရူဆိုစစ်ရှောင်တွေ ရှိတာပေါ့နော်။ ၄၃ နှစ်အရွယ် အမျိုးသမီး၊ ဒဏ်ရာကတော့ ပြင်းထန်တယ်၊ ပေါင်ရော၊ ဗိုက်ရော ဆိုတော့ အန္တရာယ်ရှိတဲ့ အနေအထားမှာ ရှိတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က ဖရူဆို အမှတ် ၁၄ တန်းမြင့်လေ့ကျင့်ရေးကျောင်းကနေတဆင့် ထားလဲ-ဘောလခဲဘက်ကို စစ်ကြောင်းထိုးနေပြီး လက်နက်ကြီး၊ ဒရုန်းတို့အပြင် လေကြောင်းကနေပါ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့ နေရာတဝိုက်က ပြည်သူတွေဟာ ပြီးခဲ့တဲ့ တလကျော်လောက်စပြီး စစ်ဘေးထပ်ရှောင်နေကြရပါတယ်။
ဖရူဆိုမြို့နယ် ပြည်ထောင်စုလမ်းမကြီးတလျှောက်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားသွားလာကြဖို့ကိုလည်း တော်လှန်ရေး အင်အားစုတွေက အသိပေးထားပါတယ်။




