
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ ဘန်းချောင်းကျေးရွာအုပ်စု၊ ဟင်းကပိရွာနဲ့ ပျားသားချောင်းရွာကြားမှာ ဗိုလ်စောအယ်ခွီး ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KTLA) က တိုက်ခိုက်တာကြောင့် မောတောင်စစ်ဆင်ရေးကနေ ပြန်လာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင် ၆ ယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တယ်လို့ KNU တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင်က ထုတ်ပြန်ပါတယ်။
KTLA အဖွဲ့ဟာ လူထုဆန့်ကျင်ရေးလုပ်ငန်းတွေ လုပ်ကိုင်တာတွေ၊ စစ်ကောင်စီရဲ့ စစ်ရေးဗျူဟာ အောက်မှာ ပါဝင်ပတ်သက်နေတာကြောင့် စစ်ကောင်စီရဲ့မိတ်ဖက် အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ကြောင်း KNU တပ်မဟာ ၄ က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
မတ် ၁၄ ရက် ညနေ ၃ နာရီလောက်မှာ ဗိုလ်စောအယ်ခွီး(ခ)ကောလားဖိုး ဦးဆောင်တဲ့ KTLA အဖွဲ့ရဲ့ ချုံခိုတိုက်ခိုက်မှုကြောင့် စစ်ဆင်ရေးကနေ ပြန်လာတဲ့ KNU ရဲ့ တော်လှန်ရေးမဟာမိတ် ဗဟူးတပ်ဖွဲ့မှ ရဲဘော်တွေ ထိခိုက်သေဆုံးခဲ့တာ ဖြစ်ပါတယ်။
KNU တပ်မဟာ ၄ မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက “KTLA ဟာ KNU ရဲ့ တော်လှန်ရေးမိတ်ဖက်တွေကိုပါ မခွဲခြားဘဲ တိုက်ခိုက်နေတာ” လို့ ပြောပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း KNU ရဲ့ မဟာမိတ်တပ်ဖွဲ့ဖြစ်တဲ့ ဗဟူးတပ်ဖွဲ့က ရဲဘော် ၄ ယောက် သေဆုံးပြီး ၃ ယောက် ထိခိုက်ဒဏ်ရာရကာ ၂ ယောက် ပျောက်ဆုံးခဲ့ပါတယ်။
အဆိုပါ ပျောက်ဆုံးသွားတဲ့ ရဲဘော် ၂ ယောက်ကို ပြန်တွေ့ချိန်မှာ KTLA ဘက်က ရက်ရက်စက်စက် သတ်ဖြတ်ထားပြီး တိုက်ပွဲအတွင်းမှာလည်း ကားတစီး ပျက်စီးခဲ့ကာ KTLA ဘက်က သေနတ် ၉ လက် ရရှိခဲ့တယ်လို့ KNU တပ်မဟာ ၄ က ထုတ်ပြန်ပါတယ်။
ဗိုလ်အယ်ခွီး ဦးဆောင်တဲ့ KTLA အဖွဲ့က KNU တပ်မဟာ ၄ နဲ့ အင်အားစုတွေရဲ့ နောက်တန်း စခန်းတွေသာမက စစ်ကူနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါးပို့ဆောင်တဲ့ ယာဥ်တွေကိုလည်း မကြာခဏ တိုက်ခိုက်လေ့ရှိပါတယ်။
ကော်သူးလေတပ်မတော် (KTLA) ဟာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၅ ရက်မှာ “ကော်သူးလေသမ္မတနိုင်ငံတော်” အဖြစ် ထုတ်ပြန်ကြေညာထားပါတယ်။


