
လတ်တလော အရှေ့အလယ်ပိုင်းစစ်ပွဲတွေကြောင့် ရေနံတွေ သယ်လို့မရတော့ဘဲ ရေနံကထုတ်လုပ်တဲ့ ဓာတုကုန်ကြမ်းပစ္စည်းတွေ ရှားပါးလာလို့ ထိုင်းနိုင်ငံက စက်ရုံအလုပ်ရုံအချို့ ယာယီပိတ်သိမ်းထားရတယ်လို့ ထိုင်းစီးပွားရေးသတင်းမှာ ဖော်ပြပါတယ်။
ဘိလပ်မြေ အပါအဝင် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း ထုတ်လုပ်တဲ့ SGC ကုမ္ပဏီဟာ ရေနံဓာတုကုန်ကြမ်းတွေဖြစ်တဲ့ Naphtha နဲ့ Propane ရရှိဖို့ ခက်ခဲလာတာကြောင့် ရယောင်းမြို့မှာရှိတဲ့ သူတို့ရဲ့ Olefins စက်ရုံလုပ်ငန်းကို ယာယီရပ်နားထားရကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းက ကြေညာခဲ့ပါတယ်။
ဒီလိုရပ်နားထားရတဲ့အတွက် အပိုဆောင်းကုန်ကျစရိတ် တလကို ဘတ်သန်းပေါင်း ၁၅၀ လောက် ကုန်ကျဖွယ်ရှိတယ်လို့ ဆိုပါတယ်။
သင်္ဘောဆေးနဲ့ သုတ်ဆေးအမျိုးမျိုး ထုတ်လုပ်တဲ့ TOA Paint (Thailand) ကုမ္ပဏီဟာဆိုရင်လည်း သူတို့ထုတ်ကုန်အများစုက ရေနံဓာတုနဲ့ဆက်စပ်တဲ့ ပစ္စည်းတွေဖြစ်တယ်၊ သူတို့ကုန်ကြမ်းတွေဟာ ရက်ပေါင်း ၂၀ စာပဲ ကျန်တော့တယ်၊ အရှေ့အလယ်ပိုင်းစစ်ပွဲကြောင့် ၂၀၂၆ ခုနှစ် ပထမ ၃ လပတ် စီးပွားရေးလုပ်ငန်းပေါ် ထိခိုက်မှုရှိနိုင်တယ်လို့ ကုမ္ပဏီအလုပ်အမှုဆောင်ဒါရိုက်တာ ကျဒူးဖတ် တန့်ခါရဝခွန်းက ပြောပါတယ်။
ထိုင်းစက်မှုလုပ်ငန်းရှင်များကော်မတီ ဒုဥက္ကဋ္ဌ နိုင်းအဖိချိတ် ပရဆုပ်ရတ်ကလည်း ထိုင်းနိုင်ငံရဲ့ ရေနံဓာတုပစ္စည်းရဲ့ ၃၀ မှာ ၄၀ ရာခိုင်နှုန်းလောက်ကို အရှေ့အလယ်ပိုင်းဒေသကနေ မှာယူတင်သွင်းရတာ ဖြစ်တယ်၊ လက်ရှိမှာ အဲဒီကုန်ကြမ်းတွေ အလွယ်တကူ ဝယ်လို့မရတော့ဘူး၊ ပလတ်စတစ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်ပစ္စည်းတွေလည်း ကုန်ကြမ်းမရှိလို့ မထုတ်လုပ်နိုင်၊ အော်ဒါတွေ လက်မခံနိုင်တော့ဘူးလို့ ဆိုပါတယ်။
ပလတ်စတစ်အိတ်တွေမရှိရင် ကုန်ပစ္စည်းတွေ ထုပ်ပိုးဖို့ ခက်ခဲလာတယ်၊ ဒီပြဿနာဟာ စားသောက်ကုန်လုပ်ငန်းတွေပါ ထိခိုက်လာမယ်၊ အစားအစာထုတ်ပြီးရင် ဘယ်မှာထည့်မလဲ၊ ဒီပြဿနာ ဘယ်လောက်ရှည်ကြာမလဲ၊ ခန့်မှန်းရခက်တယ်လို့ ဆိုပါတယ်။
အသင့်စားခေါက်ဆွဲခြောက် MAMA ထုတ်လုပ်တဲ့ Thai President Foods ကုမ္ပဏီမှာလည်း အထုပ်ခွံ ရှားပါးမှုပြဿနာ စတင်ကြုံတွေ့နေရပြီ၊ ပလတ်စတိတ်အိတ်ခွံ ဖလင်ထုတ်ပေးတဲ့ စက်ရုံက အော်ဒါလက်မခံတော့ဘူး၊ ဒါကြောင့် ကုန်ကြမ်းတွေကို အကန့်အသတ်နဲ့ စီမံခန့်ခွဲနေရတယ်လို့ ပြောပါတယ်။
ရေနံဓာတုကုန်ကြမ်း ရှားပါးမှုပြဿနာမှာ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေ အပေါ်မှာလည်း သက်ရောက်မှု ရှိလာနိုင်တယ်၊ ကမ္ဘာလုံးဆိုင်ရာ မငြိမ်မသက်မှုကြောင့် ယူရီးယား ဓာတ်မြေဩဇာဈေးနှုန်းဟာ တတန်ကို ဒေါ်လာ ၄၀၀ မှ ၇၀၀ နီးပါးအထိ မြင့်တက်လာခဲ့တယ်၊ အရင်က ဓာတ်မြေဩဇာ တန်ချိန် ၂၀၀ သာ မှာယူခဲ့တဲ့ အေးဂျင့်တချို့ဟာ ပြတ်လပ်မှုနဲ့ ဈေးနှုန်းမြင့်တက်မှုကို စိုးရိမ်လို့ တန်ချိန် ၄၀၀ အထိ တိုးမြှင့်မှာယူခဲ့ကြတယ်လို့ ဆိုပါတယ်။
တောင်သူတွေဟာ ဓာတ်မြေဩဇာတွေကို ဈေးကြီးပေး ဝယ်ယူရတာကြောင့် စိုက်ပျိုးရေး ထွက်ကုန်တွေပါ ဈေးတက်လာနိုင်တယ်လို့ NADD စိုက်ပျိုးရေးသုတေသန ဝက်ဘ်ဆိုက်မှာ ဖော်ပြပါတယ်။
Source: ThaiPBS / Bangkokbiz News / NADD / ONE News


