Home
ဆောင်းပါး
မြန်မာစစ်ကောင်စီကို ထိထိရောက်ရောက် အရေးယူနိုင်မည့် နည်းလမ်း ၅  သွယ်
DVB
·
March 13, 2026

အီရန်စစ်ပွဲက အရှေ့အလယ်ပိုင်းဒေသကိုချည်းပဲ ပြောင်းလဲသွားစေတာ မဟုတ်ပါဘူး။ အာဏာရှင်အစိုးရတွေ အချင်းချင်း အထောက်အပံ့ပေးနေတဲ့ ကုန်သွယ်ရေး၊ သံတမန်ရေးနဲ့ ငွေကြေးကွန်ရက်တွေကိုပါ ဂယက်ရိုက်သွားစေပါတယ်။ မြန်မာနိုင်ငံကလည်း ဒီကွန်ရက်ထဲမှာ ပါဝင်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ ကိုယ့်ပြည်သူတွေကို လေကြောင်းကနေ တိုက်ခိုက်ဖို့အတွက် အီရန်က လေယာဉ်ဆီ၊ ဒုံးကျည်နဲ့ ဒရုန်းတွေကို အားထားနေရပါတယ်။ ရုရှားကလည်း လက်နက်တွေ ထောက်ပံ့ပေးနေပြီး တရုတ်ကတော့ ငွေကြေးပိုင်းဆိုင်ရာ ထွက်ပေါက်တွေ ဖန်တီးပေးထားပါတယ်။

မြန်မာနိုင်ငံအရေးက အဝေးတနေရာက သာမန် ဝမ်းနည်းစရာကိစ္စလေးတခု မဟုတ်ပါဘူး။ အခုလက်ရှိ ယိုင်နဲ့နေပြီဖြစ်တဲ့ ကမ္ဘာ့အာဏာရှင်ကွန်ရက်ကြီးရဲ့ အစိတ်အပိုင်းတခုပါ။ ဒီကွန်ရက်ကြီးကို အားနည်းသွားအောင် လုပ်နိုင်ရင် မြန်မာပြည်သူတွေအတွက်ရော အမေရိကန်ရဲ့ လုံခြုံရေးအတွက်ပါ အကျိုးရှိစေမှာပါ။ ဒါကြောင့် မြန်မာစစ်ကောင်စီကို အထိနာစေမဲ့ ပြီးတော့ သူတို့ကို အသက်ဆက်ပေးနေတဲ့ အာဏာရှင်ကွန်ရက်ကြီးကိုပါ အားနည်းသွားစေမဲ့ နည်းလမ်း ၅ သွယ်ကို တင်ပြလိုက်ပါတယ်။

၁။ မြန်မာ့စီးပွားရေးဘဏ်ကို ပိတ်ဆို့အရေးယူပါ

၂၀၂၃ ခုနှစ်တုန်းက အမေရိကန်ဟာ မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်ကို ပိတ်ဆို့အရေးယူခဲ့ပါတယ်။ အဲဒီအကျိုးဆက်အနေနဲ့ နိုင်ငံတကာ ငွေလွှဲပြောင်းမှုတွေ ချက်ချင်းရပ်တန့်သွားခဲ့ပါတယ်။ ဒါပေမဲ့ စစ်ကောင်စီက နိုင်ငံခြားငွေကြေးလုပ်ငန်းတွေကို နိုင်ငံတော်ပိုင် မြန်မာ့စီးပွားရေးဘဏ်ဆီ အမြန်ရွှေ့ပြောင်းပြီး ထွက်ပေါက်ရှာခဲ့ပါတယ်။ အဲဒီဘဏ်ကိုပါ ထပ်ပြီး အရေးယူလိုက်ရင် ဒီထွက်ပေါက် ပိတ်သွားပါလိမ့်မယ်။ စစ်ကောင်စီဟာ ရုရှား၊ တရုတ်နဲ့ အီရန်တို့ဆီကနေ လက်နက်နဲ့ လောင်စာဆီတွေဝယ်ဖို့ လက်ကျန် နိုင်ငံခြားငွေတွေကို အားထားနေရတာပါ။ ဒေါ်လာမရှိတော့ဘူးဆိုရင် အဲဒီအရောင်းအဝယ်တွေက ပိုကြာသွားမယ်၊ ပိုဈေးကြီးသွားမယ်၊ ပြီးတော့ ပိုပြီးလည်း အန္တရာယ်များသွားပါလိမ့်မယ်။

၂။ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် ခန့်အပ်ပါ

အမေရိကန်အနေနဲ့ စစ်ကောင်စီကို အသိအမှတ်မပြုဘဲ ရန်ကုန်မှာ သံအမတ်ကြီးတယောက်ကို သွားခန့်လို့မရပါဘူး။ အဲဒီအစား မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တဦးကို ခန့်အပ်သင့်ပါတယ်။ အဲဒီကိုယ်စားလှယ်က ဌာနဆိုင်ရာအသီးသီးက စီးပွားရေး၊ သံတမန်ရေးနဲ့ ထောက်လှမ်းရေးလုပ်ငန်းတွေကို ချိတ်ဆက်ညှိနှိုင်းပေးနိုင်ပါတယ်။ ဒီရာထူးကို Brave Burma Act အရ လွှတ်တော်ကလည်း အဆိုပြုထားပြီးသားပါ။ အဲဒီအထူးကိုယ်စားလှယ်ဟာ ထိုင်းနဲ့ စင်ကာပူ  တို့လို ဒေသတွင်းမိတ်ဖက်တွေနဲ့ ပူးပေါင်းပြီး လက်နက်ဝယ်ယူနေတဲ့ ငွေကြေးလမ်းကြောင်းတွေကို ဖြတ်တောက်နိုင်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာပြည်တွင်းက ဒီမိုကရေစီအင်အားစုတွေနဲ့ ချိတ်ဆက်ပြီး လူသားချင်းစာနာမှု အကူအညီတွေနဲ့ သံတမန်ရေးရာ ကိစ္စတွေကိုလည်း ပူးပေါင်းဆောင်ရွက်နိုင်ပါတယ်။

၃။ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နှိမ်နင်းဖို့ KNU ကို ကူညီပါ

အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် အမေရိကန်နိုင်ငံသားတွေကို ပစ်မှတ်ထားတဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်း (Scam centers) တွေ အကြီးအကျယ် ပေါ်ပေါက်လာပါတယ်။ တရုတ် ရာဇဝတ်ဂိုဏ်းတွေဟာ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်တွေနဲ့ ပေါင်းပြီး ထိုင်းနယ်စပ်တလျှောက်မှာ မြို့တမြို့စာလောက်ရှိတဲ့ ငွေလိမ်ဂိုဏ်း စခန်းကြီးတွေကို တည်ဆောက်ထားပါတယ်။ အဲဒီမှာ ယုံကြည်မှုတည်ဆောက်ပြီး ငွေလိမ်တဲ့လုပ်ငန်းတွေ (Pig butchering schemes)၊ ခရစ်ပတိုငွေကြေးလိမ်လည်တာတွေနဲ့ လူကုန်ကူးတာတွေကို လုပ်ဆောင်နေကြတာပါ။ ဒီလုပ်ငန်းတွေကြောင့် အမေရိကန်နိုင်ငံသားတွေ ဒေါ်လာဘီလီယံနဲ့ချီ ဆုံးရှုံးခဲ့ရပါတယ်။

အမေရိကန်တရားရေးဌာနက ဖိအားပေးလာတဲ့အခါ စစ်ကောင်စီက ဟန်ပြဖမ်းဆီးမှုတွေ လုပ်ပြခဲ့ပါတယ်။ တီဗီပေါ်မှာ KK Park က အဆောက်အအုံတချို့ကို မိုင်းခွဲပြတာမျိုးပေါ့။ ဒါပေမဲ့ တကယ်တမ်း ဖျက်ဆီးလိုက်တာက KK Park ရဲ့ ၁၃ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ကျားဖြန့် လုပ်သားတွေကိုတော့ တခြားနေရာတွေကို တိတ်တဆိတ် ရွှေ့ပြောင်းပေးလိုက်ပါတယ်။ ဘာလို့လဲဆိုတော့ ဒီစခန်းတွေကို အုပ်ချုပ်နေတဲ့ ပြည်သူ့စစ်တွေက စစ်တပ်ရဲ့ လက်အောက်ခံတွေ ဖြစ်နေလို့ပါပဲ။

မြန်မာနိုင်ငံအရှေ့ပိုင်းဒေသ အများစုကို ထိန်းချုပ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU) ဟာ စစ်ကောင်စီတပ်တွေနဲ့ တိုက်ပွဲဖြစ်ရင်း ဒီငွေလိမ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲဒီမှာ နိုင်ငံပေါင်းစုံက လူကုန်ကူးခံရသူ ရာနဲ့ချီကို ကယ်တင်နိုင်ခဲ့ပါတယ်။ အမေရိကန်အနေနဲ့ ဒီငွေလိမ်ဂိုဏ်းတွေကို နှိမ်နင်းဖို့၊ သက်သေအထောက်အထားတွေ စုဆောင်းဖို့နဲ့ လူကုန်ကူးခံရသူ တွေကို နေရပ်ပြန်ပို့ဖို့အတွက် KNU ကို ကူညီပေးသင့်ပါတယ်။ ဒါဟာ ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းရာရောက်သလို အဖိုးတန်တဲ့ သတင်းအချက်အလက်တွေလည်း ရရှိနိုင်ပါတယ်။

၄။ တရုတ်ရဲ့ ပိတ်ဆို့မှုရှောင်ကွင်းရေးကို တန်ပြန်ဖို့ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို အားဖြည့်ပါ

အမေရိကန်အနေနဲ့ မြန်မာနိုင်ငံက ဒီမိုကရေစီအင်အားစုတွေရဲ့ ငွေကြေးယန္တရားဖြစ်တဲ့ နွေဦးဖွံ့ဖြိုးရေးဘဏ် (Spring Development Bank) ကိုလည်း အားဖြည့်ကူညီသင့်ပါတယ်။ ဒီ ဒီဂျစ်တယ်ဘဏ်ဟာ ပြည်ပရောက်လုပ်သားတွေနဲ့ ဒီမိုကရေစီလိုလားသူတွေအတွက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ဘဏ်တွေကို ရှောင်ကွင်းပြီး ငွေလွှဲပြောင်းနိုင်တဲ့ နေရာတခုပါ။

ဒါဟာ သိပ်အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ တရုတ်က စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကို ဒီဂျစ်တယ်ငွေကြေးစနစ်တခု တည်ဆောက်ဖို့ ကူညီပေးနေလို့ပါ။ အဲဒီစနစ်က တရုတ်နိုင်ငံရဲ့ နယ်စပ်ဖြတ်ကျော် ဘဏ်အချင်းချင်း ငွေပေးချေမှုစနစ် (Cross Border Interbank Payment System - CIPS) နဲ့ ချိတ်ဆက်ထားမှာပါ။

ဒါဆိုရင် ပိတ်ဆို့အရေးယူခံထားရတဲ့ စစ်ကောင်စီအဖွဲ့အစည်းတွေဟာ ကမ္ဘာ့ငွေကြေးစနစ်ထဲကို နောက်ပေါက်ကနေ ဝင်ခွင့်ရသွားပါလိမ့်မယ်။ နွေဦးဖွံ့ဖြိုးရေးဘဏ်ကို ကူညီတာဟာ ဒါကို ဗျူဟာကျကျ တန်ပြန်တာပါပဲ။ နည်းပညာပိုင်း၊ စည်းမျဉ်းစည်းကမ်းပိုင်းနဲ့ ငွေကြေးပိုင်းအရ ကူညီပေးမယ်ဆိုရင် ဒီဘဏ်လေး ပိုမိုကြီးထွားလာနိုင်ပါတယ်။ အမေရိကန်ရဲ့ ငွေကြေးစံနှုန်းတွေနဲ့လည်း ကိုက်ညီအောင် လုပ်ဆောင်နိုင်ပါမယ်။ ဒါ့အပြင် အလုပ်သမားတွေရဲ့ လွှဲပို့ငွေတွေ စစ်ကောင်စီလက်ထဲ မရောက်အောင် တားဆီးပေးနိုင်သလို တရုတ်ရဲ့ပိတ်ဆို့မှု ရှောင်ကွင်းရေး ကြိုးပမ်းချက်တွေကိုလည်း အားနည်းသွားစေမှာပါ။

၅။ မြေရှားသတ္တု အများကြီးရနိုင်တယ်ဆိုတဲ့ အယူအဆအမှားကို ပယ်ချပါ

တချို့လေ့လာသူတွေက အမေရိကန်လုံခြုံရေးနဲ့ နည်းပညာတွေအတွက် လိုအပ်တဲ့ မြေရှားသတ္တု (Rare earth elements) တွေ ရဖို့ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ပြန်ပေါင်းသင့်တယ်လို့ အကြံပြုကြပါတယ်။ ဒီအကြံပြုချက်ကို အစိုးရအဖွဲ့ ထိပ်ပိုင်းခေါင်းဆောင်တချို့ကတောင် သဘောကျချင်နေကြပါတယ်။ ဒါပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေမှန်နဲ့ မြေရှားသတ္တုဈေးကွက် သဘောသဘာဝကို နားလည်မှုလွဲနေတာပါ။

တကယ်တမ်း မြန်မာနိုင်ငံက မြေရှားသတ္တုထွက်တဲ့ နေရာအများစုဟာ စစ်တပ်ထိန်းချုပ်မှုအောက်မှာ မရှိပါဘူး။ ပိုဆိုးတာက မြေရှားသတ္တုဆိုတာ ရှားပါးတာ မဟုတ်ပါဘူး။ အဓိက အခက်အခဲက တူးဖော်ပြီးသား သတ္တုတွေကို သန့်စင်ထုတ်လုပ်တဲ့ နေရာမှာပါ။ အဲဒီ သန့်စင်တဲ့ လုပ်ငန်းစဉ်တခုလုံးကို တရုတ်က လွှမ်းမိုးထားတာပါ။ အမေရိကန်ကို တရုတ်က ချုပ်ကိုင်ထားတာ တူးဖော်ရေးမှာ မဟုတ်ပါဘူး။ သန့်စင်ထုတ်လုပ်ရေးမှာပါ။

ဒါကြောင့် မြန်မာနိုင်ငံမှာ တရုတ်ရဲ့ လွှမ်းမိုးမှုကို လျှော့ချချင်ရင် ဒီမိုကရေစီအင်အားစုတွေ အနိုင်ရဖို့ကလွဲပြီး တခြားလမ်းမရှိပါဘူး။ နိုင်ငံရဲ့ ထက်ဝက်လောက်ကိုပဲ ထိန်းချုပ်ထားနိုင်ပြီး အသက်ဆက်ဖို့အတွက် အမေရိကန်ရဲ့ ရန်သူတွေကိုပဲ အားကိုးနေရတဲ့ စစ်အစိုးရနဲ့ သွားပေါင်းပြီး သတ္တုတွင်းဆိုင်ရာ သံတမန်ရေးလုပ်နေလို့ ဘာမှ အကျိုးထူးလာမှာ မဟုတ်ပါဘူး။

(ဘာသာပြန်သူမှတ်ချက်- သတ္တုတွင်းဆိုင်ရာ သံတမန်ရေး (Mineral Diplomacy) ဆိုတာက နိုင်ငံတနိုင်ငံ (ဥပမာ - အမေရိကန်) အနေနဲ့ သူတို့ရဲ့ လုံခြုံရေးနဲ့ နည်းပညာတွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ရှားပါးသတ္တုတွေ၊ တွင်းထွက်ပစ္စည်းတွေကို ရရှိဖို့အတွက် တခြားနိုင်ငံအစိုးရ တရပ်ရပ် (ဒီနေရာမှာတော့ မြန်မာစစ်ကောင်စီ) နဲ့ နိုင်ငံရေးအရ၊ သံတမန်ရေးအရ ချဉ်းကပ်ဆက်ဆံတာ၊ စေ့စပ်ညှိနှိုင်းတာကို ဆိုလိုတာပါ။)

ဒန်နီရယ် ဆွစ်ဖ်

Ref: FDD - 5 Ways To Crack Down on Myanmar’s Military Junta by Daniel Swift 

(ဝါရှင်တန်ဒီစီအခြေစိုက် Foundation for Defense of Democracies ဝက်ဘ်ဆိုက်တွင် ဆောင်းပါးရှင် Daniel Swift ရေးသားထားသည့်  “5 Ways To Crack Down on Myanmar’s Military Junta” ဆောင်းပါးကို ဘာသာပြန်ဆိုဖော်ပြသည်။ Daniel Swift ဟာ အမေရိကန် သံတမန်ဟောင်းတဦးဖြစ်ပြီး မြန်မာနိုင်ငံတွင် ၂၀၁၅ ခုနှစ်မှ ၂၀၁၉ အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်သည်။)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013