
တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးတပ်(PDF)တွေက ပြန်လက်လွှတ်လိုက်ရပေမဲ့ မန္တလေးတိုင်း တခုလုံးကို စစ်ကောင်စီက ပြန်ထိန်းချုပ်သွားတာ မဟုတ်ဘူးလို့ ဒေသခံနိုင်ငံရေးသမားတွေက ပြောပါတယ်။
မိုးကုတ်မြို့ပေါ်မှာလည်း စစ်ကောင်စီယန္တရား မလည်ပတ်နိုင်အောင် မြို့ပတ်ခြာလည်ကနေ PDF တွေက ဆက်လက်ဖိအားပေးနေပါတယ်။
မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့ကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက မတ် ၁၀ ရက်မှာ လက်လွှတ်ခဲ့ရပြီးနောက် မန္တလေးတိုင်းတခုလုံးကို ပြန်ထိန်းချုပ်နိုင်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့်မီဒီယာတွေက သတင်းထုတ်ပြန်ခဲ့တာပါ။
ဒေသကာကွယ်ရေးအဖွဲ့တွေ သိမ်းယူထားတဲ့ မန္တလေးတိုင်းထဲက မြို့အားလုံးကို ပြန်လက် လွှတ်ခဲ့ရတာဖြစ်ပေမဲ့ စစ်ကောင်စီက မြို့နယ် တခုချင်းစီကို ထိန်းချုပ်နိုင်တာ၊ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်တာ၊ စိတ်ကြိုက်စီမံခန့်ခွဲနိုင်တာမျိုးတော့ မဟုတ်ဘူးလို့ ဒေသခံနိုင်ငံရေးသမားတွေနဲ့ ကာကွယ်ရေးအဖွဲ့တွေက မှတ်ချက်ပေးပါတယ်။
စစ်ကောင်စီက မန္တလေး-သပိတ်ကျင်း-မိုးကုတ် လမ်းပိုင်းအပါအဝင် ဒေသတွင်း လမ်းပိုင်းတွေကို ပြန်ဖွင့်နိုင်ဖို့ ကြိုးစားနေပေမဲ့ သူတို့မျှော်မှန်းထားသလို ဖြစ်မလာသေးပါဘူး။
မိုးကုတ်မြို့ကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) လက်ထဲက ပြန်လွှဲယူ နိုင်ခဲ့ပေမဲ့ မြို့ပတ်ခြာလည်ကနေ PDF တွေရဲ့ ဖိအားပေးမှုကို စစ်ကောင်စီက ဆက်တိုက် ကြုံတွေ့ နေရတာ ဖြစ်ပါတယ်။
မိုးကုတ်သပိတ်ခေါင်းဆောင် ကိုစိုးဌေးက “တကောင်းကတော့ ပါသွားပြီလို့ ပြောလို့ရတယ်။ ကျနော်တို့ မြေပြင်အခြေအနေအရရော ဘာရောပေါ့လေ၊ စစ်ကောင်စီက သူတို့ဝါဒဖြန့်တဲ့ကိစ္စပါ။ မန္တလေးတိုင်းတတိုင်းလုံးလို့ ပြောတဲ့အခါမှာတော့ နွားထိုးကြီးတို့ မြင်းခြံတို့ ညောင်ဦးတို့ဘက်မှာ ကျနော်တို့ရဲဘော်တွေ ရှိနေတဲ့ အခြေအနေတွေ၊ ခြေကုပ်ယူထားတဲ့ အခြေအနေတွေ အများကြီး ရှိတယ်။ ဆိုတော့ မန္တလေးတိုင်း တတိုင်းလုံးကို စစ်ကောင်စီက ပြန်ထိန်းချုပ်သွားတယ် ဆိုတာတော့ မဟုတ်ပါဘူး။ မဟုတ်ဘူးဆိုတာ စစ်ရဲ့သဘောက အတိုးအဆုတ် ရှိတဲ့သဘောတော့ ရှိတယ်။ မိုးကုတ်မြို့ထဲက စစ်ကောင်စီယန္တရားကို ရပ်ဖို့ ကြိုးစားနေတယ်။ သူတို့လာပြီးတော့ ထိုးစစ်ဆင်တာ တွေ ရှိတယ်၊ ဒါပေမဲ့ ပြန်မရဘူးပေါ့နော်။ အထိခိုက် အကျအဆုံးနဲ့ သူတို့ပြန်ဆုတ်သွားတာတော့ ရှိတယ်။ သူတို့ဘက်ကလည်း စစ်သုံ့ပန်းအနေနဲ့ ဖမ်းမိထားတာတွေ ရှိတယ်။ တမြို့နယ်လုံးကို သူတို့ အုပ်ချုပ်ရေးယန္တရား လည်ပတ်နိုင်လောက်တဲ့ အခြေအနေ မရှိဘူးပေါ့နော်။ မြို့ပေါ်မှာလောက်ပဲ၊ တည့်တည့်ပြောရရင်တော့ဗျာ အဲဒီအပေါ်ကနေပဲ သူတို့ ခံစစ်လုပ်နေရတဲ့ အနေအထားရှိတယ်” လို့ ပြောပါတယ်။
တကောင်းမြို့ဟာ စစ်ကိုင်းတိုင်း၊ ထီးချိုင့်ခရိုင်နဲ့ နယ်မြေချင်း ထိစပ်နေတာဖြစ်ပြီး ထီးချိုင့်နယ် အပိုင်ထဲမှာ တရုတ်အစိုးရရဲ့ တကောင်းနီကယ်စီမံကိန်း တည်ရှိနေတာပါ။
တကောင်းမြို့ကို ပြန်သိမ်းပြီးနောက်မှာ ထီးချိုင့်မြို့နယ်ဘက်ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်နေပြီး နီကယ်စီမံကိန်းအပါအဝင် အရေးပါတဲ့ စခန်းနေရာတွေကို ပြန်ရယူဖို့ ဆက်ကြိုးစား နေပါတယ်။
အလားတူပဲ မန္တလေးတိုင်း၊ မတ္တရာ-စဉ့်ကူးဘက်ခြမ်းက သယံဇာတနယ်မြေတွေကို စစ်ကိုင်းတိုင်း ဘက်ကနေ PDF တွေ ဝင်မလာနိုင်အောင် စစ်ကောင်စီက ဝက်လက်မြို့နယ်ကို ဖိအားပေး တိုက်ခိုက်နေပါတယ်။
ဝက်လက်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုကျားကြီးက “သတင်းပို့ သတင်းယူတွေက အဲဒီ အရှေ့ဘက်ဒေသတွေက တအားများတာပေ့ါ။ စဉ့်ကူး၊ မတ္တရာကြောက အဲဒီလို တအားများတော့ အခုလို ဘယ်သူ့အိမ်က ဘာရှိတယ်၊ ဘယ်သူက ဘာဆက်သွယ်တယ်ဆိုတာ သူတို့က အတိအကျ ရပြီးသားတွေ။ အဲဒါတွေ မရောက်မချင်းကတော့ သူတို့က မျှားနေတာပေါ့။ ရောက်တဲ့အချိန်မှာ သူတို့က အဲဒီလိုပုံစံမျိုးနဲ့ လုပ်ပစ်လိုက်တာတွေက ရှိတာပေါ့။ သူတို့ သယံဇာတထွက်တဲ့နေရာ နယ်မြေအနေအထားတွေကို ကာကွယ်နိုင်အောင်က စဉ့်ကူး-မတ္တရာ နယ်စပ်ဘက်အထိ ဧရာဝတီ မြစ်ကြောင်းနယ်စပ်ဘက်အထိ အရအမိ စိုးမိုးယူထားတာ။ နည်းနည်းလေးဆုတ်ခွာလိုက် တော်လှန်ရေးအင်အားစုက စိုးမိုးဖို့ အရှိန်ယူလိုက်၊ သူတို့က ပြန်ပြီးတော့ ပြင်ဆင်မှုနဲ့ နေရာကို အလပ်မခံဘဲနဲ့ကို ဖြန့်ချပြီးတော့ စိုးမိုးထားတာပေါ့။ စဉ့်ကူး-မတ္တရာ နယ်နိမိတ်ကုန်အထိကို ဒီဘက်က တော်လှန်ရေးအင်အားစု မထိုးဖောက်နိုင်အောင်ကို သူတို့က ပြင်ဆင်နေတယ်။ ကိုယ့်ဘက်ကလည်း ထိုးဖောက်နိုင်ဖို့ အားလုံးပေါင်းစည်းပြီးတော့ ပြင်ဆင်နေတယ်တော့ ကြားတာပဲ။ ကိုယ့်ရဲဘော်တွေ မဟာမိတ်တွေပေါ့နော်” လို့ ပြောပါတယ်။
မန္တလေးမြို့အထက်ပိုင်း မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းနယ်တွေကို စစ်ကောင်စီက ဖိအားပေး နေနိုင်ပေမဲ့ မြို့အောက်ဘက်ခြမ်း မကွေးတိုင်းနယ်စပ် နွာထိုးကြီး၊ မြင်းခြံနယ်တွေမှာတော့ ဒေသကာကွယ်ရေးအဖွဲ့တွေ ဆက်လက်အားကောင်းနေတာ ဖြစ်ပါတယ်။
မတ္တရာပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုဒေါင်းက “စဉ့်ကူးမြို့နယ် အနောက်တောင်ခြမ်းဘက် ကျွန်းကြီး-သဲအင်းမှာရှိနေတဲ့ စကစတွေကတော့ ဝက်လက်မြို့နယ် အရှေ့ခြမ်းဘက်ကို ဒရုန်းတွေနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရှိတယ်။ နောက်တခါ လက်နက်ကြီးတွေနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းဘက်ကို ပစ်ခတ်နေတာတွေတော့ ရှိပါတယ်။ စကစက ပိုက်ဆံမပေးတဲ့ လူတွေကိုတော့ ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေတော့ မတ္တရာဘက်ရော၊ စဉ့်ကူးဘက်တွေရော ရှိနေပါတယ်။ တော်လှန်ရေးသမားတွေဆီကို ရွာခံတွေဆီကနေပြီးတော့ ဆက်သွယ်ခိုင်းတယ်။ ဆက်သွယ်ပြီးလို့မှ မလာဘူးဆိုရင် မင်းတို့အိမ်ကို ဖျက်ဆီးယူမယ်၊ မိုင်းခွဲပစ်မယ်၊ အဲဒီလိုမျိုးတွေ ခြိမ်းခြောက်ပြီးတော့ တော်လှန်ရေးသမားတွေကို စည်းရုံးသိမ်းသွင်းတာတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။
စစ်ကောင်စီက မန္တလေးတိုင်းထဲက တရုတ်အစိုးရနဲ့ ဖက်စပ်စီမံကိန်းတွေ၊ စီးပွားရေးလုပ်ငန်းတွေ အခြေစိုက်ရာ မြို့နယ်တွေမှာ ပိုအင်အားသုံးနေပေမဲ့ သူတို့မျှော်မှန်းထားတဲ့အတိုင်း လုပ်ငန်းတွေ ပြန်လည်ပတ်နိုင်ဖို့ကတော့ အခြေအနေ မပေးသေးပါဘူး။
ဒေသကာကွယ်ရေးအဖွဲ့တွေက မြို့ပေါ်နေရာတွေကို ပြန်လက်လွှတ်ထားရပေမဲ့ ပြောက်ကျားစနစ်နဲ့ ကြားဖြတ်တိုက်ခိုက်တာတွေ မန္တလေးတိုင်းထဲမှာ ဆက်ရှိနေတာဖြစ်ပါတယ်။
သုတချမ်းသာ


