Home
မြန်မာသတင်း
စစ်ကောင်စီ ပြန်လည်ပြင်ဆင်လိုက်သည့် ရှေ့နေအက်ဥပဒေအသစ်ကို ဝေဖန်
DVB
·
March 12, 2026

ထောင်ဒဏ် နဲ့ ငွေဒဏ်တွေ ပါဝင်တဲ့ စစ်ကောင်စီက ပြင်ဆင်ပြဋ္ဌာန်းလိုက်တဲ့ ရှေ့နေများအက်ဥပဒေအသစ်ပေါ် တရားရေးလောကမှာ ဝေဖန်မှုတွေ ရှိနေတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

စစ်ကောင်စီက မတ် ၇ ရက်က ရှေ့နေများအက်ဥပဒေအသစ်က ပုဒ်မ ၃၂ ၊ပုဒ်မ ၃၃၊ ပုဒ်မ ၃၄ ကို ပြင်ဆင်ပြဋ္ဌာန်းခဲ့ပြီး ပြစ်ဒဏ်တွေအနေနဲ့ ထောင်ဒဏ် ၃ နှစ် နဲ့ ငွေဒဏ် သိန်း ၁၀၀ ပါဝင်တယ်လို့ အမှုလိုက်ရှေ့နေတယောက်က DVB ကို ပြောပါတယ်။

“အရင်က ရှေနေအက်ဥပဒေအရ ပြစ်ဒဏ်တွေက ထောင်ဒဏ် ၃ လ၊ အများဆုံး ထောင်ဒဏ် ၆ လပဲ ရှိတာ။ အခု ပြစ်ဒဏ်တွေက ထောင်ဒဏ် ၃ နှစ်ပဲ၊ ငွေဒဏ်က သိန်း ၁၀၀။ ပြောရရင် စစ်တပ် ဥပဒေကြောင်းအရ ပြည်သူတွေ အမှုကို နားလည်သွားမှာစိုးတာ။ ဒီဥပဒေကြောင့်ပဲ လိုင်စင်မရှိဘဲ မရှိဆင်းရဲသားဘက်က အခမဲ့ရှေ့နေလိုက်ပေးလို့ မရဘူး။” 

ဥပဒေကြောင်းအရ အမှုသည်တွေကို တရားရုံးပြင်ပကနေ အကြံပေးတာ၊ နှစ်သိမ့်ဆွေးနွေးတာ၊ ရွှေ့ပြောင်းနိုင်တဲ့ ပစွည်းတွေအတွက် စာချုပ်ချုပ်ပေးတာတွေကို ကန့်သတ်လိုက်ပြီး အဲ့ဒါတွေကို ဖောက်ဖျက်ခဲ့ရင်တော့ ထောင်ဒဏ် ၃ နှစ်နဲ့ ငွေဒဏ် သိနိး ၁၀၀ ဆောင်ရမယ်လို့ တရားလွှတ်တော်ရှေ့နေတယောက်က DVB ကို ပြောပါတယ်။

“စစ်တပ်က အဓိက ထိန်းချုပ်ချင်တာ နိုင်ငံရေးအမှုတွေ။ အာဏာသိမ်းပြီးတော့ နိုင်ငံရေးအမှုတွေမှာ အခမဲ့လိုက်ပေးတဲ့ ရှေ့နေတွေရှိတယ်။ ဘာလိုလဲဆိုတော့ တချို့ ပုဒ်မ ၅၀၅ (က) နဲ့ တရားစွဲရမှာ၊ ဒါပေမဲ့ စစ်တပ်က အကြမ်းဖက်တိုက်ဖျက်ရေးနဲ့ ရုံးတင်တရားစွဲတယ်။ ဒီလိုအခြေအနေကြောင့် စစ်တပ်နဲ့ အမှုလိုက်ရှေ့နေတွေကြားမှာ တင်းမာမှုရှိတယ်။ ဒါကြောင့် ရှေ့နေအက်ဥပဒေကို ပြင်လိုက်တာ။” 

ပြန်လည်ပြင်ဆင်လိုက်တဲ့ ဥပဒေကြောင့် တရားစွဲဆိုခံနေရသူတွေ၊ ခုခံချေပခွင့် အားနည်းသွားပြီး စစ်ကောင်စီက နိုင်ငံရေးအမှုတွေနဲ့ ပတ်သက်ပြီး စိတ်ကြိုက်တရားစွဲဆိုခွင့်ရသွားတယ်လို့ အမှုရင်ဆိုင်နေရသူတယောက်က ထောက်ပြပါတယ်။

မူလကရှိတဲ့ ရှေ့နေများအက်ဥပဒေ ပုဒ်မ ၃၂၊ ၃၃၊ ၃၄ မှာ ထောင်ဒဏ် ၃လ မှ ခြောက်လ ဒဏ်ငွေ ၂၀၀ ကနေ ၅၀၀ အထိ ဖြစ်ပေမဲ့ မတ် ၇ ရက်က စစ်ကောင်စီက အသစ်ပြန်လည်ပြင်ဆင်လိုက်တဲ့ ဥပဒေမှာ ထောင်ဒဏ် ၃ နှစ်၊ ဒဏ်ငွေ ၁၀ သိန်းကနေ သိန်း ၁၀၀ အထိ ပေးဆောင်ရမှာဖြစ်ပါတယ်။ ရန်ကုန်တိုင်းတရားလွှတ်တော် (Photo: MOI)

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013