
လက်ရှိ ပင်လယ်ပြင်မှာ မတိုးသာ မဆုတ်သာ ရှိနေတဲ့ ရုရှားရေနံနဲ့ ရေနံထွက်ကုန်တွေကို ဝယ်ဖို့ နိုင်ငံတွေကို အမေရိကန်က ရက် ၃၀ လိုင်စင်တွေ ထုတ်ပေးခဲ့အပြီး မတ် ၁၃ ရက် မနက်မှာ ရေနံစျေး အနည်းငယ် ပြန်ကျသွားခဲ့ပါတယ်။
ဂရင်းနစ်စံတော်ချိန် မနက် ၁ နာရီ ၂၃ မိနစ် (မြန်မာစံတော်ချိန် မနက် ၇ နာရီ ၂၃ မိနစ်) မှာ ဘရန့် ရေနံစိမ်းစျေးက တစည်ကို ဒေါ်လာ ၁၀၀ အောက် ပြန်ကျသွားသလို WTI ရေနံစိမ်းစျေးကလည်း ၉၄ ဒသမ ၈၅ ဒေါ်လာအထိ ပြန်ကျသွားပါတယ်။
အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ စစ်ပွဲဖြစ်ပွားနေချိန်မှာ ဟောမုဇ်ရေလက်ကြားကို အီရန်က ပိတ်ဆို့ထားတဲ့အတွက် ကမ္ဘာ့ရေနံဈေးတွေ ထိုးတက်နေတာကို ထိန်းချုပ်ဖို့ အခုလို ဖြေလျှော့ပေးလိုက်တာပါ။
အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့တ်ဘက်ဆန့်က “ဒီ ရေတိုအစီအစဉ်ဟာ လမ်းခရီးမှာ ရောက်နေပြီးသား ရေနံတွေအတွက်ပဲဖြစ်လို့ ရုရှားအစိုးရအတွက် ကြီးမားတဲ့ ဘဏ္ဍာရေး အကျိုးအမြတ် မရနိုင်ပါဘူး” လို့ ပြောပါတယ်။
Haitong Futures က လေ့လာဆန်းစစ်သူ ယန်းအန်ကတော့ “လိုင်စင်ထုတ်ပေးတာက စျေးကွက်စိုးရိမ်မှုတွေကို လျော့ကျစေပေမဲ့ အခြေခံပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ဟောမုဇ်ရေလက်ကြား ရေကြောင်းသွားလာရေး ပြန်လည်စတင်ဖို့ကသာ အရေးကြီးဆုံးဖြစ်တယ်” လို့ ထောက်ပြထားပါတယ်။
ဒီမတိုင်ခင်ကလည်း အမေရိကန်က အရန်ရေနံထဲက စည်ပေါင်း ၁၇၂ သန်း ထုတ်ရောင်းပေးမယ်လို့ ကြေညာထားသလို မတ် ၅ ရက်တုန်းကလည်း အိန္ဒိယနိုင်ငံကို ရုရှားရေနံဝယ်ယူခွင့် အလားတူ ကင်းလွတ်ခွင့်မျိုး ပေးခဲ့ပါသေးတယ်။
ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာက “အီရန်စစ်ပွဲမှာ အခုအချိန်အထိ အနိုင်ရနေတာက ရုရှားတနိုင်ငံတည်းဖြစ်ပြီး စွမ်းအင်ဈေးတွေ တက်လာတာနဲ့အမျှ ယူကရိန်းစစ်ပွဲအတွက် ရန်ပုံငွေအသစ်တွေ ရနေတယ်” လို့ သုံးသပ်ထားပါတယ်။
လက်ရှိ ထုတ်ပေးလိုက်တဲ့ လိုင်စင်အရ ဧပြီ ၁၁ ရက်အထိ ရုရှားရေနံနဲ့ ရေနံထွက်ကုန်တွေကို သတ်မှတ်ချက်နဲ့အညီ အရောင်းအဝယ်လုပ်ခွင့် ရရှိမှာဖြစ်ပါတယ်။
အီရန်စစ်ပွဲကြောင့် ရုရှားစွမ်းအင်အရင်းအမြစ်တွေအပေါ် ဝယ်လိုအား သိသိသာသာ မြင့်တက်လာတာကို တွေ့ရတယ်လို့ ရုရှားအစိုးရဘက်က တရားဝင် ထုတ်ပြန်ထားပါတယ်။


