
အာဏာသိမ်းထားတဲ့ ၅ နှစ်အတွင်း စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အကြိမ် ၂၀ မှာ လူပေါင်း ၁၄၀,၀၀၀ ကျော်ကို ပြန်လွှတ်ပေးတာနဲ့ အမှုရုပ်သိမ်းတာတွေ လုပ်ခဲ့တာမှာ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသား ၃၅,၀၀၀ ကျော်၊ ရာခိုင်နှုန်းအားဖြင့် ၂၅ ရာခိုင်နှုန်းလောက်သာ ရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၅ နှစ်အတွင်းမှာ စစ်ကောင်စီက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အကြိမ် ၂၀ ထုတ်ပြန်ခဲ့ပြီး လူပေါင်း ၁၄၁,၇၀၉ ကျော်ကို ပြန်လွှတ်ပေးတာနဲ့ အမှုရုပ်သိမ်းတာတွေ လုပ်ခဲ့တာမှာ နိုင်ငံရေးအမှုတွေကနေ လွတ်ငြိမ်းခွင့်ရသူဟာ ၃၅,၂၇၁ ယောက်၊ ရာခိုင်နှုန်းအနေနဲ့ ၂၄ ဒသမ ၉ ရာခိုင်နှုန်းသာ ရှိခဲ့တယ်လို့ မြန်မာမဟာဗျူဟာနဲ့ မူဝါဒရေးရာ အင်စတီကျု ISP Myanmar က ထုတ်ပြန်ပါတယ်။
ရွေးကောက်ပွဲမတိုင်ခင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅-က နဲ့ အမှုဖွင့်ခံထားရသူ ၅,၅၈၀ ယောက် (တိမ်းရှောင်နေရသူများအပါအဝင်) ကို အမှုပိတ်သိမ်းပေးခဲ့ပြီး ရွေးကောက်ပွဲအပြီးမှာလည်း အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ည)၊ ပုဒ်မ ၅၂(က) တို့နဲ့ အမှုဖွင့်ခံထားရသူ ၁၂,၄၈၇ ယောက် (တိမ်းရှောင်နေရသူများအပါအဝင်) ကို အမှုပိတ်ပေးခဲ့ပါတယ်။
ရွေးကောက်ပွဲကာလတွေမှာ အလုံးအရင်းနဲ့ အမှုရုပ်သိမ်းပေးတာတွေက လူသားချင်းစာနာမှု ရှုထောင့်ထက် ပိုတဲ့ သက်ရောက်မှု များစေနိုင်တယ်လို့ ISP Myanmar က ထုတ်ပြန် ပြောဆိုပါတယ်။
နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ အမှန်တကယ်လုပ်ဖို့ဆိုရင် အာဏာသိမ်းမှုအလွန် နိုင်ငံရေးနဲ့ပတ်သက်လို့ ဖမ်းဆီးထောင်ချခံထားရသူတွေ အကုန်လွှတ်ပေးဖို့လိုကြောင်း ISP က မှတ်ချက်ပြုပါတယ်။
ISP Myanmar လူငယ်သုတေသီ ကိုနိုင်မင်းခန့်က “ပုဒ်မတခု ဥပဒေတခု ဒါမှမဟုတ် တခုထက်ပိုပြီးတော့မှ တရားစွဲဆိုထားတဲ့ အရေအတွက်က ပိုများတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ ပုဒ်မတခု ဥပဒေတခုနဲ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးတယ် ဆိုရင်တောင်မှ တခြားပုဒ်မတွေနဲ့ တရားစွဲဆို ဖမ်းဆီထောင်ချထားတဲ့အတွက်ကြောင့် အဲဒီပုဒ်မတွေက ပြစ်မှုပြစ်ဒဏ်တွေ ကျန်နေသေးတဲ့ အတွက်ကြောင့်မို့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး နှီးနွှယ်တဲ့ ဖမ်းဆီးထောင်ချခံရတဲ့သူတွေရဲ့ အရေအတွက်က နည်းတယ်လို့ သုံးသပ်ရမှာပဲဗျ။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုလုပ်ဖို့ နိုင်ငံရေးအရ တစုံတရာ ဖြေလျော့ဖို့ဆိုရင် နိုင်ငံရေးနဲ့ နှီးနွှယ်ပတ်သက်တဲ့ အမှုတွေကြောင့် အာဏာသိမ်းမှုအလွန်မှာ ဖမ်းဆီးထားတဲ့ လူပုဂ္ဂိုလ်အားလုံး လွတ်မြောက်ဖို့က လွတ်ငြိမ်းချမ်းသာရဖို့က အရေးကြီးပါတယ်။ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှု တစုံတရာ ဖြစ်ဖို့ဆိုရင် နိုင်ငံရေးအရ အရေးပါတဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ခေါင်းဆောင်တွေရဲ့ လွတ်မြောက်မှု အခန်းကဏ္ဍကလည်း အရေးကြီးတယ်လို့ သုံးသပ်ရမှာပါဗျ” လို့ ပြောပါတယ်။
၅ နှစ်အတွင်း နိုင်ငံရေးအမှုတွေကနေ အလုံးအရင်းနဲ့ လွတ်ငြိမ်းပေးမှု ၃ ကြိမ်ကနေ လွတ်ငြိမ်းသက်သာခွင့် ရသူပေါင်း ၃၅,၂၇၁ ယောက် ရှိခဲ့တဲ့အထဲ အမှုရုပ်သိမ်းပေးခဲ့တာကြောင့် လွတ်မြောက်လာသူက ၂၂,၃၇၈ ယောက်၊ ရာခိုင်နှုန်းအားဖြင့် ၆၃ ဒသမ ၅ ရာခိုင်နှုန်း ရှိခဲ့ကြောင်း သိရပါတယ်။
အကျဉ်းကျခံပြီး လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားကတော့ ၃၆ ဒသမ ၅ ရာခိုင်နှုန်း (၁၂,၈၈၄ ယောက်) ရှိခဲ့ပါတယ်။
စစ်ကောင်စီက လွတ်ငြိမ်းအရေအတွက် ကြေညာရာမှာ နာမည်စာရင်းပါပြီး အမှန်တကယ် လွတ်မြောက်လာတာ မရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း အကျဉ်းထောင်အသီးသီးမှာ များစွာရှိနေသေးကြောင်း သိရပါတယ်။
မလွတ်မြောက်သေးတဲ့ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ မိတ်ဆွေက “စာရင်းပါပြီးတော့ မလွတ်လာသေးတာ မိတ်ဆွေ ၂ ယောက်ပါတယ်။ မနက်အစောပိုင်း ၈ နာရီလောက် လာအကြောင်းကြားတယ်။ အကြောင်းကြားထဲမှာ ဒီအဆောင်ထဲက ၁၁ ယောက်ကို လွှတ်ပေးမယ် ဆိုတဲ့အကြောင်း အကြောင်းကြားတယ်။ အကြောင်းကြားပြီး စာရင်းကောက်သွားတော့လည်း ၁၁ ယောက်ပဲ။ ဒါပေမဲ့ တကယ့်တကယ် လွှတ်ပေးတော့ ၉ ယောက်ပဲ ပါတယ်။ ကူညီပေးနေတဲ့အထဲက မိတ်ဆွေ ၂ ယောက်က အခုချိန်ထိ မလွတ်လာသေးဘူး။ ဘာအကြောင်းပြချက်မှန်း မသိဘဲ ခုချိန်ထိကို လာမခေါ်သေးတာဘဲ၊ လွှတ်မပေးသေးတာပေါ့၊ ပုဒ်မလည်း အတူတူပဲ၊ သူတို့က နှစ်ခုတွဲလည်း မဟုတ်ဘူး၊ ၂ ယောက်စလုံး ၅၀(ည) ပဲ” လို့ ပြောပါတယ်။
အခုနောက်ဆုံး ၂၀၂၆ ခုနှစ် မတ် ၂ ရက်တုန်းက အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ပုဒ်မ ၅၂(က) တို့နဲ့ အကျဉ်းကျနေသူတွေ အပါအဝင် အမှုဖွင့် တရားစွဲဆိုထားသူ ၂၂,၆၄၉ ယောက်ကို လွတ်ငြိမ်းခွင့်ပေးခဲ့ရာမှာ ၁၉,၈၂၄ ယောက်က အဲဒီပုဒ်မတွေနဲ့ ဖမ်းဆီး တရားစွဲဆို ခံထားရသူတွေအပြင် တိမ်းရှောင်နေရသူတွေပါ ပါဝင်ကြောင်း သိရပါတယ်။
ဝေဝေ


