မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှုနဲ့ စစ်မှုထမ်းဥပဒေနဲ့ စစ်သားသစ် စုဆောင်းမှုတွေကြောင့် မြန်မာကျောင်းသားတွေဟာ ထိုင်းနိုင်ငံဆီ ဦးတည်ရောက်ရှိလာကြတဲ့အကြောင်း သုတေသန အစီရင်ခံစာတစောင်ကို ကိုးကားပြီး Thai PBS World သတင်းမှာ မတ် ၁၁ ရက်က ဖော်ပြပါတယ်။
သုတေသနပညာရှင်တွေ ဖြစ်ကြတဲ့ ဒေါက်တာ ညီညီကျော်နဲ့ ဒေါက်တာ ဆီရဒါ ခေမန်နိထထိုင်းတို့ရဲ့ “၂၀၂၁ အာဏာသိမ်းမှုအပြီး မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ ကျောင်းသားများ ရွှေ့ပြောင်းအခြေချမှု” အမည်နဲ့ လေ့လာမှုသုတေသန စစ်တမ်းအရ ခုလိုဖော်ပြလိုက်တာဖြစ်ပြီး ထိုင်းနိုင်ငံမှာ မြန်မာတက္ကသိုလ်ကျောင်းသား အရေအတွက်ဟာ အာဏာမသိမ်းမီက ၂,၈၀၀ လောက်သာ ရှိခဲ့ရာကနေ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်မှာတော့ ၁၂,၀၀၀ လောက်အထိ မြင့်တက်လာကြောင်း တွေ့ရှိရတယ်လို့ ဆိုပါတယ်။
ဒါက မြန်မာနိုင်ငံအတွက် “ပညာတတ် ဆုံးရှုံးမှု” ဖြစ်နေသလို ထိုင်းတက္ကသိုလ်တွေအတွက်လည်း အခွင့်အလမ်းသစ်တွေ ဖြစ်ပေါ်နေတဲ့ကြောင်း အစီရင်ခံစာက ဆိုထားသလို အဆိုပါ ကိန်းဂဏန်းတွေဟာ လာမဲ့နှစ်မှာ ၁၇,၀၀၀ လောက်အထိ ရှိလာနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ကျောင်းသားအများစုဟာ ဘန်ကောက်မြို့နဲ့ မြို့ပတ်ဝန်းကျင် ပုဂ္ဂလိကတက္ကသိုလ်တွေမှာ ကျောင်းအပ်နှံကြပြီး ဒါဟာ အရင်က မြန်မာကျောင်းသားတွေရဲ့ ထိပ်တန်း အစိုးရတက္ကသိုလ်တွေကိုသာ ရွေးချယ်လေ့ရှိတဲ့ ပုံစံကနေ ပြောင်းလဲသွားခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
Hanns Seidel Foundation က ရန်ပုံငွေထောက်ပံ့ထားတဲ့ အဆိုပါအစီရင်ခံစာမှာ ဒီလိုရွှေ့ပြောင်းမှုက ၂၀၂၁ ခုနှစ် မြန်မာစစ်အာဏာသိမ်းမှုအပြီး နိုင်ငံရေးနဲ့ ပညာရေးဆိုင်ရာ အကြောင်းရင်းတွေ ပေါင်းစပ်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အခြေခံအဆောက်အအုံဆိုင်ရာ အပြောင်းအလဲတခု အဖြစ်လည်း ဖော်ပြထားပါတယ်။
အစီရင်ခံစာထဲမှာတော့ ကျောင်းသားရွှေ့ပြောင်းမှု လှိုင်းသုံးခုရှိကြောင်း ထောက်ပြထားသလို အဲဒီထဲမှာ အာဏာသိမ်းပြီးပြီးချင်း နိုင်ငံရေးဖိနှိပ်မှုတွေကနေ ကျောင်းသားတွေ တိမ်းရှောင်လာကြတာ၊ ပြည်တွင်းပညာရေးစနစ် ပျက်ယွင်းလာတာကြောင့် ကျောင်းသားတွေက ပြည်ပမှာ ဆက်လက်ပညာသင်ကြားဖို့ ကြိုးပမ်းလာကြတာ၊ နောက်ဆုံးလှိုင်းကတော့ စစ်မှုထမ်းဥပဒေကြောင့် ဖြစ်ပြီး လူငယ်များစွာ မဖြစ်မနေ စစ်မှုထမ်းရမဲ့ အခြေအနေကို ရှောင်လွှဲဖို့ နိုင်ငံတွင်းကနေ ထွက်ခွာလာကြရတာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းလာသူတွေရဲ့ လူဦးရေ စာရင်းအချက်အလက်တွေအရ မြန်မာနိုင်ငံအတွက် လူသားအရင်းအမြစ် ဆုံးရှုံးမှုကြီးမားနေကြောင်း ပြသနေသလို ကျောင်းသားအများစုမှာ အသက် ၁၈ နှစ်ကနေ ၂၉ နှစ်ကြားရှိ ထူးချွန်တဲ့ ပညာရေးမှတ်တမ်း ရှိကြသူတွေ ဖြစ်ကြတယ်လို့ ဆိုပါတယ်။
သူတို့ထဲက အများအပြားက မြန်မာနိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တွေကို စွန့်ခွာခဲ့ပြီး ထိုင်းနိုင်ငံမှာ ပထမနှစ်ကျောင်းသားတွေအဖြစ် ပညာရေးကို အစကနေ ပြန်စခဲ့ကြသလို ဒီဖြစ်စဉ်ကို အစီရင်ခံစာက “အစမှပြန်စခြင်း အကျိုးသက်ရောက်မှု” လို့ ရည်ညွှန်းထားပါတယ်။
ဒီရွေးချယ်မှုတွေမှာတော့ ထိုင်းမှာ ကျောင်းလခနဲ့ နေထိုင်စရိတ် သက်သာတာ၊ ဗီဇာလုပ်ငန်းစဉ်တွေ ရိုးရှင်းတာ၊ ယဉ်ကျေးမှုချင်း နီးစပ်တာတွေကြောင့် ထိုင်းနိုင်ငံက ရွေးချယ်စရာ ပန်းတိုင်တခု ဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။
ထိုင်းတက္ကသိုလ်တွေဘက်ကလည်း ခုလို ဝင်ရောက်လာမှုကြောင့် အကျိုးကျေးဇူး ရရှိနေပြီး ကလေးမွေးဖွားနှုန်း ကျဆင်းမှုကြောင့် ပြည်တွင်းကျောင်းအပ်နှံမှု လျော့နည်းနေတာကို အစားထိုးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
လေ့လာမှုမှာ တွေ့ဆုံမေးမြန်းခဲ့တဲ့ ဆရာ၊ ဆရာတွေကတော့ မြန်မာကျောင်းသားတွေဟာ ပညာရေး ထူးချွန်ကြပြီး အင်္ဂလိပ်စာကျွမ်းကျင်မှုနဲ့ စိတ်အားထက်သန်မှု မြင့်မားကြကြောင်းနဲ့ ဒီအချက်တွေက အဲဒီတက္ကသိုလ်တွေရဲ့ နာမည်ဂုဏ်သတင်းကို နိုင်ငံတကာအဆင့်အထိ မြှင့်တင်ပေးရာ ရောက်နေတယ်လို့ ပြောပါတယ်။
ဒါပေမဲ့ ကျောင်းသားအများအပြားမှာ ပညာသင်ကြားစဉ်အတွင်း ကြီးမားတဲ့ စိန်ခေါ်မှုတွေနဲ့လည်း ရင်ဆိုင်နေရကြောင်း အစီရင်ခံစာက ထောက်ပြထားသလို အဲဒီထဲမှာ ရက်ပေါင်း ၉၀ တိုင်း လူဝင်မှုကြီးကြပ်ရေးဌာနဆီ အစီရင်ခံရတာမျိုးလို အုပ်ချုပ်ရေးဆိုင်ရာ သတ်မှတ်ချက်တွေ၊ အချိန်ပိုင်း အလုပ်လုပ်ခွင့် ပိတ်ပင်ထားတာမျိုးတွေ၊ တက္ကသိုလ်ဝန်ထမ်းတချို့နဲ့ ဘာသာစကား အခက်အခဲ၊ အာဏာပိုင်တချို့ရဲ့ ခွဲခြားဆက်ဆံခံရတာမျိုးတွေ ပါဝင်နေတယ်လို့ ဆိုပါတယ်။
ဒီလိုရွှေ့ပြောင်းမှုက မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးအတွက် ရေရှည် အကျိုးသက်ရောက်မှုတွေ ရှိနိုင်ကြောင်း သုတေသန တွေ့ရှိချက်တွေက ဆိုသလို စစ်တမ်း ကောက်ယူခဲ့တဲ့ ကျောင်းသားတွေရဲ့ ၁၂ ဒသမ ၇ ရာခိုင်နှုန်းကသာ ကျောင်းပြီးပြီးချင်း မြန်မာနိုင်ငံဆီ ပြန်ဖို့ ရည်ရွယ်ထားကြတယ်လို့ ဆိုပါတယ်။
အများစုကတော့ ထိုင်းနိုင်ငံမှာ အလုပ်အကိုင်ရရှိဖို့၊ ဆက်နေထိုင်ဖို့၊ ဒါမှမဟုတ် ထိုင်းနိုင်ငံကို ခြေကုပ်ယူပြီး တတိယနိုင်ငံတွေဆီ ဆက်လက်ထွက်ခွာဖို့ စီစဉ်ထားကြတယ်လို့ ဆိုပါတယ်။
အဆိုပါလားရာက လာမဲ့နှစ်တွေထဲ မြန်မာနိုင်ငံရဲ့ ကျွမ်းကျင်လုပ်သား ရှားပါးမှုကို ပိုမိုဆိုးရွားစေနိုင်ကြောင်း သုတေသီတွေက သတိပေးထားပါတယ်။
ဒါ့အပြင် ထိုင်းတက္ကသိုလ်တွေ အနေနဲ့လည်း ပညာသင်ဆု အခွင့်အလမ်းတွေကို တိုးချဲ့ပေးဖို့နဲ့ ပေးဆောင်ရတဲ့ ကျောင်းလခနဲ့ ထိုက်တန်စေဖို့ နိုင်ငံတကာ သင်ရိုးညွှန်းတမ်းတွေရဲ့ အရည်အသွေးကို မြှင့်တင်ဖို့ အစီရင်ခံစာက အကြံပြုထားပါတယ်။
ဒါ့အပြင် ထိုင်းအစိုးရအနေနဲ့ ဗီဇာစနစ်ကို ဒစ်ဂျစ်တယ်စနစ်ဆီ အပြည့်အဝ ပြောင်းလဲဖို့၊ ခွဲခြားဆက်ဆံမှုတွေ လျှော့ချဖို့နဲ့ နိုင်ငံတကာကျောင်းသားတွေကို အချိန်ပိုင်း အလုပ်လုပ်ခွင့်ပြုရေး စဉ်းစားပေးဖို့လည်း တိုက်တွန်းထားတာပါ။
ကုလသမဂ္ဂ ဖွံ့ဖြိုးတိုးတက်ရေးအစီအစဥ် (UNDP) က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာသစ် တစောင်မှာတော့ မြန်မာလူငယ် ၁၀ ယောက်မှာ ၄ ယောက်က ပဋိပက္ခ၊ စီးပွားရေးပြိုလဲမှုနဲ့ စစ်မှုထမ်းကိစ္စရပ်တွေကြောင့် အခွင့်အခါပေးပါက နိုင်ငံတွင်းကနေ ထွက်ခွာလိုကြတဲ့အကြောင်း ဖော်ပြပါတယ်။
“ဌာနေဝေးမျိုးဆက်သစ်၊ လူငယ့်သဘောထားနှင့် ရွှေ့ပြောင်းအခြေချနေထိုင်ခြင်း” အမည်နဲ့ ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ ခုလို ဖော်ပြလိုက်တာဖြစ်ပြီးတော့ မြန်မာနိုင်ငံသမိုင်းမှာ အခက်ခဲဆုံး အချိန်ကာလတခုဆီ လျှောက်လှမ်းနေကြရတဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက်၊ စိုးရိမ်ပူပန်မှုနဲ့ ရွှေ့ပြောင်းနေထိုင်မှုတွေအကြောင်းကို ထုတ်ဖော်ရေးသားထားတာ ဖြစ်ပါတယ်။
အဆိုပါ အစီရင်ခံစာမှာတော့ နိုင်ငံတဝန်း လူငယ် ၇,၀၀၀ ကျော်ရဲ့ အမြင်တွေကို စုဆောင်းရယူထားတာ ဖြစ်ပြီးတော့ ပညာအရည်အချင်းမြင့်မားတဲ့ လူငယ်တွေမှာ ရွှေ့ပြောင်းအခြေချဖို့ စဉ်းစားကြတာ သိသိသာသာပိုများပြီး မြန်မာနိုင်ငံတွင်း ကျွမ်းကျင်လုပ်သား လိုအပ်ချိန် “ဦးနှောက်ယိုစီးမှု” ဖြစ်လာနိုင်ခြေ စိုးရိမ်မှုတွေလည်း မြင့်တက်လာနေတယ်လို့ ဆိုပါတယ်။
Source: Thai PBS




