
ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ မြန်မာနိုင်ငံ မြဝတီဘက်ကို တရားမဝင် ပို့ဆောင်ဖို့ သိုလှောင်ထားတဲ့ စက်သုံးဆီ လီတာပေါင်း ၃၀,၀၀၀ နီးပါး ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မြဝတီမြို့တောင်ဘက် မင်းလက်ပံကျေးရွာတဘက်ကမ်းရှိ မဲဆောက်မြို့နယ်၊ မဟာဝမ်း ကျေးရွာအုပ်စု ၅ ရက်ကွက်ထဲမှာ စက်သုံးဆီတွေ အမြောက်အမြား သိုလှောင်ထားကြောင်း ဒေသခံတွေက သတင်းပို့တာကြောင့် မဲဆောက်မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်လုံခြုံရေးကောင်စီ၊ မဟာဝမ်းအုပ်ချုပ်ရေးမှူး၊ ရာ့ချ်မနူးစစ်ကြောင်းနဲ့ အမှတ် ၃၄၆ နယ်ခြားစောင့်ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေပါတဲ့ ပူးပေါင်းအဖွဲ့က မတ် ၁၀ ရက် ညနေ ၄ နာရီလောက်မှာ သွားရောက်စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါနေရာမှာ မဲဆောက်-ဖုပ်ဖရသွား ကားလမ်းဘေးမှာတည်ရှိတဲ့ ပလတ်စတစ်ရေပုံးအမျိုးမျိုးနဲ့ ရေတိုင်ကီလွတ်တွေ ရောင်းချနေတဲ့နေရာ ဖြစ်ပါတယ်။
ဆိုင်ရဲ့ အနောက်မှာ ဂိုဒေါင်ကြီးတလုံးရှိပြီး ဆီပေပါအမြောက်အမြား သိုလှောင်သိမ်းဆည်းထားတာ တွေ့ရတယ်။
စစ်ဆေးချက်အရ ပေပါအလုံးပေါင်း ၂၀၀ ထဲမှ ဒီဇယ်ဆီ လီတာပေါင်း ၁၆,၀၀၀ လီတာကို လည်းကောင်း၊ ပေပါ ၄၆ လုံးထဲမှ ဘိုင်အိုဒီဇယ် လီတာပေါင်း ၉,၂၀၀ လီတာ ၊ နောက်ထပ် ဆီပေါင်း လီတာ ၂၀၀ ဖြည့်ထားတဲ့ ပုံးတပုံး၊ အားလုံးစုစုပေါင်း စက်သုံးဆီ ၂၆,၈၀၀ လီတာခန့်ကို ဖမ်းဆီးရမိတယ်လို့ ဆိုပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး မြေကွက်ပိုင်ရှင် နိုင်းဆဒ်ဆိုသူကို မေးမြန်းရာမှာ ဒီအိမ်ကို အမျိုးသမီးတယောက်က ငှားရမ်းထားပြီး ရေပုံးနဲ့ ကားရေဆေးလုပ်ဖို့ ငှါးရမ်းထားတယ်။ အဆိုပါဆီပေပါတွေကတော့ လမ်းရဲ့အတွင်းပိုင်းကို တင်သွားဖို့ဖြစ်တယ်။
ဒါပေမဲ့ လမ်းကျဉ်းတာကြောင့် ကားဝင်လို့မရလို့ သူတို့ဂိုဒေါင်ထဲ ခဏလာထားထားတာလို့ ပြောပါတယ်။ အဆိုပါနေရာကတော့ မြန်မာနယ်စပ်နဲ့ ၅ ကီလိုမီတာလောက်သာ ကွာဝေးတာကြောင့် တာဝန်ရှိသူတွေက မြန်မာဘက်ကို တရားမဝင်ပို့ဆောင်ဖို့ ဖြစ်နိုင်ကြောင်း ထင်မြင်ယူဆကြကာ စက်သုံးဆီပိုင်ရှင်ကိုလည်း ဆက်လက်စုံစမ်းနေပြီး ဥပဒေအရ အရေးယူသွားမယ်လို့ ပြောပါတယ်။
အလားတူ ဘုရားသုံးဆူနယ်စပ်၊ ကန်ကျနပူရီခရိုင်၊ ဆန်ခလပူရီမြို့နယ်ထဲမှာလည်း မြန်မာဘက်ခြမ်းကို ပို့မဲ့ စက်သုံးဆီ ၁၂၀ လီတာ ဖမ်းဆီးရမိတယ်လို့ ကန်ကျနပူရီသတင်းမှာ ဖော်ပြပါတယ်။
မတ် ၉ ရက် ည ၉ နာရီခွဲလောက်က နယ်စပ်လုံခြုံရေးတာဝန်ရှိသူတွေဟာ နောင်လူးအုပ်စု ဘုရားသုံးဆူ (ထိုင်းဘက်ခြမ်း) အနီး လုံခြုံရေးစောင့်ကြပ်စစ်ဆေးစဉ် ဆိုင်ကယ်နဲ့တွဲထားတဲ့ ၃ ဘီးတစီးပါ စစ်ဆေးခဲ့တယ်၊ အဲဒီမှာ စက်သုံးဆီတွေထည့်ထားတဲ့ ဂါလန်ပုံး ၄ ပုံးတွေ့ရှိပြီး အထဲမှာ စက်သုံးဆီ ၁၂၀ လီတာ ထည့်ထားတယ်၊ မြန်မာဘက်ကို သယ်ပေးရင် တလီတာကို ဘတ် ၃၀ နှုန်းရမယ်လို့ ဆိုတာကြောင့် အငှားသယ်ဆောင်ပေးတာလို့ ဝန်ခံသွားပါတယ်။
လတ်တလော ကမ္ဘာ့အရှေ့အလယ်ပိုင်း ပဋိပက္ခတွေကြောင့် အရှေ့တောင်အာရှနိုင်ငံတချို့မှာ စက်သုံးဆီ မလုံလောက်မှု ပြတ်လပ်မှုတွေရှိနေတယ်၊ ဒါကြောင့် ဓာတ်ဆီ ခြိုးခြံချွေတာနေရပြီး ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်မြို့နယ် ၅ ခု (မဲဆောက်၊ တာ့ခ်၊ ဖုပ်ဖရ၊ ထာ့ဆောင်ယန်း၊ အုမ့်ဖန်) ထဲမှာ မနေ့ကစ မြန်မာဘက်ခြမ်းကလာတဲ့ ကားတွေကို ဆီရောင်းချခြင်းမပြုဖို့ ထိုင်းအစိုးရက စည်းကမ်းထုတ်ထားပါတယ်။
ထိုင်းကားတွေဆိုရင်လည်း တစီးလျှင် ဘတ် ၁,၀၀၀ ဖိုးထက် ပိုမရောင်းရ၊ ဂါလန်နဲ့ သယ်ယူခွင့်မပြု၊ စိုက်ပျိုးရေး/ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ သုံးစွဲလိုက အချက်အလက်၊ ပမာဏတွေနဲ့အတူ မှတ်ပုံတင်ရမယ်၊ စည်းကမ်းသတ်မှတ်ချက် လိုက်နာခြင်းမရှိက ထိရောက်စွာ အရေးယူခံရမယ်လို့ ထုတ်ပြန်ထားပါတယ်။
Source: AEC Asian News / Kanchanaburi News


